ဒီနေ့တော့ ကြက်ရင်ပုံသားကို အရသာနှပ်ကာ ကြက်သားလေး ကင်ဖြစ်ပါတယ် အရသာကမွှေးပြီး စားလို့ကောင်းတဲ့အတွက် ကြက်ကင်လေး ကင်စားကြည့်ရအောင် မာမာကင်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ကြက်ရင်ပုံသား - 350 g
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ချင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ကြက်သွန်ဖြူမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ထောပါတ်ဆီ - ထမင်းစားဇွန်း လေးဇွန်း
- အကင်အိုး သို့မဟုတ် အောက်ခြေထူသော - ဒယ်အိုး
ပြင်ဆင်ပုံ
- ကြက်ရင်ပုံသားကို ရေဆေးပြီး ရေစစ်ထားပါ
- ရေစစ်သွားတာနဲ့ ကြက်သားကို ဆား နှမ်းဆီမွှေး နနွင်းမှုန့် အရသာမှုန့် ကြက်သွန်ဖြူမှုန့် နှင့် ချင်းမှုန့်တို့ထည့်ကာ အရသာဝင်အောင် နယ်ပေးပါ
- အရသာ နယ်ပြီးတာနဲ့ ရေခဲသေတ္တာ မခဲတဲ့ အကနံထဲမှာ အနည်းဆုံး နှစ်နာရီလောက် နှပ်ထားပေးပါ
- မကင်ခင် ကြက်သားတုံးကို အတွင်းသားအထိ ကျက်စေရန် ပုံပါအတိုင်း ခပ်စောင်းစောင်းလေးတွေ မွှန်းပေးပါ
- မွှန်းတာဖြစ်တဲ့အတွက် အောက်ချေအထိ မပြတ်အောင် သတိထားပြီး မွှန်းပေးပါ
- အကင်အိုးနှင့် ကင်ပါက အကင်အိုးကို အပူပေးပြီး ထောပါတ်ဆီ အနည်းငယ် သုတ်ပေးပါ
- အကင်အိုး မရှိပါက အောက်ခြေထူပြီး မကပ်သော အိုးတစ်လုံးကို အသုံးပြုပြီး ကင်ပေးပါ
- မာမာကတော့ ဆေးရတာလွယ်ကူတဲ့ အောက်ခြေထူသော ဒယ်အိုးကိုသုံးပြီး ကင်ထားပါတယ်
- ဒယ်အိုးကို low heat နှင့် အပူပေးကာ ပူလာတာနဲ့ ထောပါတ်ဆီ ထည့်ပေးပါ
- ထောပါတ် ပူလာတာနဲ့ အရသာနယ်ပြီး နှပ်ထားသော ကြက်သားကို အကင်အိုးထဲထည့်ပြီး ကင်ပေးပါ
- ကင်နေစဉ် အကျက်ညီစေရန် အိုးအဖုံးကို ဖုံးထားပေးပါ
- ကြက်သားကင် တစ်ဖက်ကို ၃မိနစ်လောက် အပူပေးပြီး ကြက်သား အပေါ်ယံကို အိုးထဲမှ ထောပါတ်ဆီအနည်းငယ် သုတ်ပေးကာ တစ်ဖက်ကို လှည့်ပေးပြီး ကင်ပေးပါ
- နောက်တစ်ဖက်ကိုလဲ ၃မိနစ်လောက် ကင်ပေးပါ
- အထက်ပါ နည်းအတိုင်း တစ်ဖက်ကိုလှန်ပေးလိုက် ကင်ပေးလိုက်ကို လေးခါလောက် လုပ်ပေးပါ
- ပြီးတာနဲ့ ပန်းကန်ထဲ ပြောင်းထည့်ပေးပြီးပါက ထောပါတ်နံ့သင်းနေသော ကြက်သားကင် မွှေးမွှေးလေး ရပါပြီ
- ထမင်းပူပူလေးနဲ့ဘဲ စားစား အသီးအရွက်သုပ်ထဲဘဲ ထည့်စားစား အရမ်းကို အရသာ ကောင်းမွန်လွန်းတဲ့ ကြက်သားကင်လေး ကို ပြင်ဆင်ကာ စားသုံးနိူင်ပါပြီ။
No comments:
Post a Comment