Friday 10 September 2021

မော်လမြိုင် အုန်းနို့ခေါက်ဆွဲ

 








ဒီနေ့တော့ မော်လမြိုင် အုန်းနို့ခေါက်ဆွဲ ချက်နည်းလေးအတိုင်း ချက်စားဖြစ်ပါတယ် ကော့ဗိန်းတိုက်နယ်ဆေးရုံမှာ အမျိုးသား တာဝန်ကျစဉ် အချိန်က စနေ တနင်္ဂနွေ ပိတ်ရက်တွေမှာ မော်လမြိုင်ကို သင်္ဘောသေးသေးလေးစီးပြီး ဈေးသွားဝယ်ကြတာကို သတိရသွားပါတယ်။

မော်လမြိုင် ရောက်တာနဲ့ ကလေးတွေနဲ့ ဈေးထဲမှာ စားချင်တာတွေစား ဝယ်ချင်တာတွေ ဝယ်ကြတာတွေ နေပူရင် ရာသီဥတုပူတာကို မကြိုက်တဲ့ သမီးလေးက ဂျီကျပြီး ငိုတတ်တာတွေကို ပြန်ပြောင်းလို့ သတိတွေ ရခဲ့ပြီး မော်လမြိုင်ဆိုတာ  ကလေးတွေရဲ့ ငယ်ဘဝလေးရဲ့ အမှတ်တရလေးတွေ များခဲ့တဲ့ နေရာလေးပါဘဲ။

ဒါကြောင့်မို့လို့ ဒီတစ်ခါတော့ မုန့်ဖတ်ဝါဝါလေးနဲ့ စားခဲ့ဖူးတဲ့ (မာမာကတော့ မုန့်ဖတ်အဝါ မရှိတဲ့အတွက် မုန့်ဖတ်အဖြူလေးနဲ့ဘဲ စားပါတယ်) မော်လမြိုင် အလွမ်းပြေ အုန်းနို့ခေါက်ဆွဲ ချက်စားဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ မော်လမြိုင် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါဝင်ပစ္စည်းများ (2 kg) 

ကြက်သားဟင်းအတွက် ပါဝင်ပစ္စည်းများ

  1. ကြက်ရင်ပုံသား - ခြောက်ဆယ်သားခန့် (မိမိနှစ်သက်တဲ့ အသားကို သုံးနိူင်ပါတယ်)
  2. ကြက်သွန်နီ - အနေတော် သုံးလုံး                 
  3. ကြက်သွန်ဖြူ  - အမွှာကြီးကြီး လေးမွှာ
  4. ချင်း - လက်တစ်ဆစ်ခန့်   
  5. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  10. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးစာ
  11. မဆလာ - အနည်းငယ် (အရသာ ကြိုက်မှထည့်ပေးပါ)
ဟင်းချက်ရန်ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး ခပ်သေးသေး အတုံးလေးတွေ တုံးပေးပါ
  • ပြီးတာနဲ့ အရသာမှုန့် ဆား နနွင်းမှုန့်နှင့် ငံပြာရည်တို့ထည့်ကာ အရသာဝင်အောင် နယ်ထားပါ 
  • ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတို့ပို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောက်တင်မှုင့်နှင့်ရောပြီး ညက်နေအောင် ထောင်းပေးပါ
  • အဆင်သင့် ဖြစ်တာနဲ့ အိုးထဲမှာ ဆီထည့်ပြီး ပူအောင်တည်ပေးပါ
  • ဆီပူလာတော့မှ ငရုတ်သီးထောင်းကိုထည့်ပြီး ဆီသတ်ပေးပါ
  • ဆီသတ်နေစဉ် မကြာမကြာ မွှေပေးပြီး ကြက်သွန်များ နည်းငယ်ခြောက်လာကာ ငရုတ်သီးနံ့ သင်းလာပါက အရသာ နယ်ထားသော ကြက်သားများကို ထည့်မွှေပေးပါ
  • အသားများ အရောင်ပြောင်းလာပါက အရင်ဆုံး ဟင်းလုံးမိအောင် ရေအနည်းငယ်ထည့်ပြီး အိုးအဖုံးအုပ်ကာ ချက်ပေးပါ
  • ဟင်းလုံးရည် ခမ်းလာပါက ကြက်သားကို ရေမြုပ်အောင်ထည့်ပြီး အသားနူးပြီး ဆီပြန်လာအောင် ချက်ပေးပါ 
  • ကြက်သားဟင်းအိုး ဆီပြန်လာတာနဲ့ မဆလာအုပ်ပြီး မီးပိတ်ပေးထားပါ။
အုန်းနို့ဟင်းရည်ချက်ရန် ပါဝင်ပစ္စည်းများ
  1. ကုလားပဲဆံ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ငါးဗူး
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ပဲပြုပ်ရန်)
  3. အုန်းနို့ - 450 g တစ်ဗူး (အုန်းနို့အရသာ ပိုကြိုက်ပါက ပိုထည့်ပေးပါ)
  4. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ (ကြက်သွန်နှင့် ရောထောင်းရန်)
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ (ငရုတ်သီးနှင့်ရောပြီးထောင်းရန်)
  6. ကြက်သွန်နီ  - အနေတော် နှစ်လုံး  (ငရုတ်သီးနှင့်ရောပြီးထောင်းရန်)
  7. ကြက်သွန်နီ - အလုံးသေး အလုံးနှစ်ဆယ် (ဟင်းရည်အိုးထဲထည့်ရန်)
  8. ကြက်ဥ - ခပ်ကြီးကြီး တစ်လုံး
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်  (ပဲအနှစ် ဆီသတ်ရန်)
  10. ငါးငံပြာရည် - ဟင်းခပ်ဇွန်းကြီး နှစ်ဇွန်းခန့်
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  12. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  13. သကြား - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  14. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်းခန့်
အုန်းနို့ဟင်းရည်ချက်ရန် ပြင်ဆင်ပုံ
  • ကုလားပဲဆံကို ရေလေးခါလောက်ဆေးပြီး ရေမြုပ်အောင် ထည့်ပေးပါ
  • ပြီးတာနဲ့ နနွင်းမှုန့်ထည့်ပြီး ပြုပ်ပေးပါ
  • ပထမတစ်ရည် ခမ်းပြီးပါက ပဲများနူးအိလာတဲ့အထိ ရေထပ်ထပ်ထည့်ပြီး ပြုပ်ပေးပါ
  • ပဲများ နူးအိလာပါက မိမိအဆင်ပြေသလို ပဲများကို ကျေသွားတဲ့အထိ ချေထားပါ
  • ဗလင်ဒါထဲထည့်ပြီး ကျေအောင်ချေထားနိူင်သလို ဇကာတိုက်ပြီးလဲ ပဲများကျေအောင် ချေထားနိူင်ပါတယ်
  • ကြက်ဥကို ဇလုံတစ်လုံးထဲမှာ ခလောက်ထားပါ
  • ကြက်သွန်နီ အလုံးသေးလေးတွေကို အခွံခွာပြီး ရေဆေးထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို အခွံခွားပြီး ရေဆေးကာ ငရုတ်သီး မရောင်တင်မှုန့်နှင့်ရောပြီး ညက်နေအောင် ထောင်းထားပါ
  • ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပေးပါ
  • ဆီသတ်နံ့ သင်းလာတာနဲ့ ချေထားသော ပဲများကို ထည့်မွှေပေးပါ
  • ဆယ့်ငါးမိနစ်လောက် မွှေပေးပြီးတာနဲ့ ဟင်းရည်ချက်မည့် ဇောက်နက်သော အိုးထဲကို ပြောင်းထည့်ပေးပါ 
  • ပြီးတာနဲ့ အုန်းနို့ဗူးကို ဖောက်ပြီးထည့်ပေးပါ
  •  ဟင်းရည်အပျစ် အကျဲကို ကိုယ်လိုချင်တဲ့ အနေအထား ရလာအောင်ချိန်ပြီး ရေကိုထည့်ပေးပါ
  • ရေထည့်ပြီးတာနဲ့ ငါးငံပြာရည် သကြား အရသာမှုန့်နှင့် ဆားတို့ကို ထည့်ပေးပြီး ပွက်ပွက်ဆူလာအောင်တည်ပေးပါ
  • ဟင်းရည်အိုး  ပွက်ပွက်ဆူလာပါက ဟင်းရည်ကို ပါတ်ချာလည်အောင် မွှေပေးနေရင်း ခေါက်ထားတဲ့ ကြက်ဥကို နည်းနည်းချင်းစီ လောင်းပြီးထည့်ပေးပါ 
  • ကြက်ဥထည့်ပြီးတာနဲ့  ကြက်သွန်နီ ဥအသေးလေးတွေကို ထည့်ပေးပါ
  • ကြက်သွန်နီများ နူးလာပြီဆိုရင်တော့ အပေါ့အငန် အရသာကို မြည်းပေးပါ
  • ပြီးတာနဲ့ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် အရသာကို ပြင်ပေးကာ မီးပိတ်ပေးပြီး လက်ကျန်အပူရှိန်နဲ့ မီးဖိုပေါ်မှာ တင်ထားပေးပါ။

မုန့်ပွဲပြင်ရန် ပါဝင်ပစ္စည်းများ

  1. ခေါက်ဆွဲဖတ် - တစ်ပိသာ
  2. ကြက်သွန်နီ -အနေတော် လေးလုံး
  3. နံနံပင် - မိမိနှစ်သက်သလောက်
  4. သံပုရာသီး - မိမိနှစ်သက်သလောက်
  5. အကြွတ်ကြော် - မိမိနှစ်သက်သလောက်
  6. သံပုရာသီး -မိမိနှစ်သက်သလောက်
  7. ငရုတ်သီး အလှော်မှုန့် - မိမိနှစ်သက်သလောက်
  8. ချက်ထားသော - ကြက်သားဟင်း
  9. ချက်ထားသော - အုန်းနို့ဟင်းရည်

မုန့်ပွဲပြင်ဆင်ပုံ

  • မိမိနှစ်သက်သော ပန်းကန်လုံး တစ်ခုထဲမှာ ခေါက်ဆွဲဖတ် နံနံပင် အကြွတ်ကြော် သံပုရာရည် ကြက်သားဟင်းနှင့် ငရုတ်သီးအလှော်မှုန့်တို့ကို မိမိအဆင်ပြေသလို ထည့်ပေးပါ 
  • ပြီးတာနဲ့ အုန်းနို့ဟင်းရည်ကို ဆမ်းပေးပြီးပါက မော်လမြိုင် အုန်းနို့ခေါက်ဆွဲကို မြိန်ယှက်စွာ စားသုံးနိူင်ပါပြီ။
မှတ်ချက် ။ ။ ချက်နည်းလေးတွေ ကွဲပြားခဲ့သော် နားလည်ပေးစေချင်ပါတယ်ရှင်။

No comments:

Post a Comment