Wednesday 1 September 2021

ငါးငပိချက်


 


ဒီနေ့တော့ ငါးချင်းတစ်ကောင် ဝယ်လာပြီး ငါးအသားခြစ်ကာ ငါးငပိချက် ခပ်စပ်စပ်လေး ချက်ပါတယ် ထမင်းစားလို့တော့ မြိန်အုံးမှာ သေချာပါတယ်။
ငါးကို အကြေးခွံထိုး ဗိုက်ခွဲပြီး မလိုတာတွေပေးကာ ငါးအကောင်လိုက်ကို ရေငါးထပ်လောက်နဲ့ စင်နေအောင်ဆေးပြီး အရိုးအသား သပ်သပ်စီလွှာကာ ငါးအသားခြစ်ပေးရတာက အလုပ်နည်းနည်း ရှုပ်ပေမဲ့ ငါးငပိချက်နဲ့ဆိုရင် တစ်ခြားဘာဟင်းမှ မလိုအောင် ထမင်းမြိန်မြိန် စားလို့ရတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ငါးငပိချက် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ငါးချင်း - 500 g (အရိုးထွင်ပြီးသား မည်သည့်ငါးနှင့်မဆို ချက်နိုင်ပါတယ် )
  2. ငရုတ်သီးအကြမ်းဖတ် - ထမင်းစားဇွန်း သုံးဇွန်း (အစပ်မစားလျှင် လျော့ထည့်ပါ)
  3. ကြက်သွန်နီ - အနေတော် သုံးလုံး (ခပ်ပါးပါး လှီးရန်)
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာခန့် (ခပ်နုတ်နုတ် လှီးရန်)
  5. ခရမ်းချဉ်သီး - အလုံကြီးကြီး ဆယ်လုံးခန့်
  6. ကြက်သွန်ဖြူ - အမွှာသေး ဆယ့်ငါးမွှာခန့် (ငါးပိချက်အိုး အုပ်ပေးရန်)
  7. ငရုတ်သီးစိမ်း - စားနိူင်သလောက် (ငါးပိချက်အိုး အုပ်ပေးရန်)
  8. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်းခွဲ
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ကျိုထားသော ငါးပိရည်ကျို - လက်ဖက်ရည်ပန်းကန် နှစ်လုံး
  13. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  14. နံနံပင် - နှစ်သက်သလောက်
ပြင်ဆင်ပုံ
  • ငါးကို ဗိုက်ခွဲပြီး မလိုတာတွေ ဖယ်ပေးကာ ဆူးတောင်များ ခုတ်ပြီး ခေါင်းဖြုတ်ပေးပါ
  • ပြီးတာနဲ့ ရေစင်အောင် ဆေးပေးပြီး ရေစစ်ကာ အရိုးအသား သပ်သပ်စီ လွှာပေးကာ အသားများကို ခြစ်ယူပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ုဖြူများကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ငရုတ်သီး အရောင်တင်မှုန့်နှင့် ငရုတ်သီး အကြမ်းဖတ်များကို အဆင်သင့် ပြင်ပေးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူ  အမွှာသေးသေးလေးများကို အခွံခွာပြီး ရေဆေးထားပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးထားပါ
  • ငါးပိရည် ကျိုပြီးသားနှင့် ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ကြက်သွန်နီနှင့် ကြက်သွန်ဖြူ  ငရုတ်သီးနှစ်မျိုးစလုံးကိုထည့်ပြီး မွှေးသွားအောင် ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ ငါးအသားကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ငါးငံပြာရည်ထည့်ကာ ငါးအသားများ မာလာတဲ့အထိ မွှေပေးပါ
  • ငါးအသားများ မာလာတာနဲ့ ခရမ်းချဉ်သီးကိုထည့်ပြီး ခရမ်းချဉ်သီး အခွံများ လိတ်လာတဲ့ထိ မွှေပြီးချက်ပေးပါ
  • ခရမ်းချဉ်သီး အခွံများ လိတ်လာတာနဲ့ဆား အရသာမှုန့် နှင့် ငါးပိရည်ကျိုတို့ကို ထဲ့ပြီးမွှေပေးပါ
  • အားလုံး ပွက်ပွက်ဆူလာတာနဲ့ အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရတဲ့အထိ အပေါ့အငံကို ပြင်ပေးပါ
  • ပြီးတာနဲ့  ကြက်သွန်ဖြူ  ငရုတ်သီးစိမ်းနှင့် နံနံပင်တို့ကို ထည့်မွှေပေးပြီး မီးပိတ်ပေးပါ
  • ငါးချင်းခြစ် ငါးငပိချက် မွှေးမွှေးစပ်စပ်လေးကို တို့စရာအစုံအလင်နဲ့ သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment