Friday 17 September 2021

ခေါက်ဆွဲကြော်


ဒီတစ်ခါတော့ တစ်ရုတ်မုန့်ညှင်းထုတ်လေး ဝယ်လာပြီး တစ်ခြားအသီး အရွက်လေးတွေနဲ့ရောကာ အရမ်းစားလို့ကောင်းလွန်းတဲ့ ခေါက်ဆွဲကြော်လေး ကြော်စားဖြစ်ပါတယ်။

ထမင်းကို တခြားဟင်းတွေနဲ့ မစားချင်တဲ့နေ့ဆို ခေါက်ဆွဲကြော် ပူပူလေးနဲ့ စားဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာ့လိုဘဲ ကြော်စားချင်တဲ့သူတွေ ကြော်စားနိူင်အောင် မာမာကြော်တဲ့နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ဥခေါက်ဆွဲအစို - လေးဆယ်သား
  2. တရုတ်မုန့်ညှင်း - လေးရွက်ခန့်
  3. ဂေါ်ဖီ - အနေတော် တစ်စိတ်
  4. ပဲတောင့်ရှည် - ငါးတောင့်
  5. မုံလာဥနီ - အနေတော် တစ်ဥ
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  7. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း တစ်ဇွန်း
  9. နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်းခန့်
  13. ကြက်ပြုပ်ရည် - ထမင်းစားဇွန်း ရှစ်ဇွန်း
  14. တရုတ်နံနံ - မိမိနှစ်သက်သလောက်
  15. ကြက်ဥ - တစ်လုံး

ပြင်ဆင်ချက်ပြုပ်ပုံ
  • ခေါက်ဆွဲကို ဇလုံတစ်လုံးထဲထည့်ကာ နှမ်းဆီမွှေး ဆား ပဲငံပြာရည် အပျစ်တို့နဲ့ နယ်ပေးထားပါ
  • တရုတ်မုန့်ညှင်းကို ရေဆေးကာ ခပ်ကြမ်းကြမ်း လှီးထားပါ
  • ပဲတောင့်ရှည်ကို ရေဆေးပြီး အနေတော်လေးတွေ လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးပြီး မိမိနှစ်သက်သလို လှီးထားပါ
  • ဂေါ်ဖီကို ရေဆေးကာ ခပ်ထူထူလေးတွေ လှီးထားပါ
  • တရုတ်နံနံကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ သကြားကို အရင်ထည့်ကြော်ပါ
  • သကြားပျော်လာပြီး အညိုရောင် ပြောင်းလာတာနဲ့ကြက်သွန်ဖြူကို အရင်ထည့်ကြော်ပါ
  • ကြက်သွန်ဖြူ မွှေးလာတာနဲ့ ပဲသီး ဂေါ်ဖီ တရုတ်မုန့်ညှင်းနှင့် မုံလာဥနီတို့ကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ပဲငံပြာရည်အကျဲနှင့် ကြက်ပြုပ်ရည်တို့ကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များ အရမ်းနူးမသွားစေရန် ၂မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာနယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
  • အသီးအရွက်များနှင့် သမသွားအောင် မွှေပေးပြီး တစ်မိနစ်လောက် မွှေပြီးတာနဲ့ ကျန်နေသော ကြက်ပြုပ်ရည်ကို ထည့်ကြော်ကာ အရသာမြည်းပေးကာ လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ခေါက်ဆွဲကြော်ကို ဘေးဖက်မှာ ခနတွန်းထားပြီး ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးပါ
  • ကြက်ဥ ကျက်တာနဲ့ ခေါက်ဆွဲကြော်ကို ရောမွှေပေးကာ အားလုံးသမသွားတာနဲ့ တရုတ်နံနံကိုထည့်မွှေပေးပြီးပါက ခေါက်ဆွဲကြော်မွှေးမွှေးလေးကို သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment