Saturday 11 September 2021

ကြက်သား ကော်အကြွတ်ကြော်

 









စနေနေ့ အိမ်မှာဘာလုပ်စားရင် ကောင်းမလဲလို့ စဉ်းစားနေရင်းက ကော်အကြွတ်ကြော်လေး စားချင်တာနဲ့ ကြော်စားဖြစ်ပါတယ်။

ထမင်းနဲ့ မဟုတ်ဘဲ ဒီအတိုင်း ကြော်ပြီးပြီးချင်း သရည်စာလို စားရတာ ပိုပြီးကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကော်မှုန့် - 150 g (tapioca starch)
  2. ကြက်ရင်ပုံသား - 100 g (chicken bread)
  3. ကြက်ဥ - သုံးလုံး (eggs)
  4. ရေ - 300 ml (water)
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း (light soy sauce)
  7. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း (oyster sauce)
  8. သကြား - ထမင်းစားဇွန်း တစ်ဇွန်း (white sugar)
  9. ကျူဆိုင် - အနည်းငယ် 
  10. ဆီ - လိုသလောက် သုံးပေးပါ(oil)
ပြင်ဆင်ပြုလုပ်ပုံ
  • ဇလုံတစ်လုံးထဲမှာ ကော်မှုန့် ဆား သကြား ခရုဆီ ပဲငံပြာရည်အကြည်နှင့် ရေတို့ထည့်ကာ သမအောင် ဖျော်ထားပါ
  • နောက်ဇလုံ တစ်လုံးထဲမှာ ကြက်ဥကို ဖောက်ထည့်ပြီး ခလောက်ထားပါ
  • ပြီးတာနဲ့ ကော်မှုန့်ဖျော်ထားသော ဇလုံထဲမှာ သမအောင် ရောပြီးဖျော်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ကျူဆိုင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ကြက်သားကို ရေဆေးပြီး ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ မကပ်သော ဒယ်အိုးကို မီးဖိုပေါ် တင်ပြီး အပူပေးပါ
  • အိုးပူလာတာနဲ့ ဆီ ထမင်းစားဇွန်း ကိုးဇွန်းလောက်ကို အရင်ဆုံး ထည့်ပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို နွမ်းတယ်ဆိုရုံလေး ထည့်ကြော်ပေးပါ
  • ကြက်သွန်ဖြူ နွမ်းတာနဲ့ ကြက်သားကို ထည့်ကြော်ပေးပါ
  • ကြက်သား ကျက်လောက်တာနဲ့ အရသာ ဖျော်ထားသော ကော်ရည်များကို အိုးထဲလောင်းထည့်ပေးပါ
  • ပြီးတာနဲ့ မွှေပေးပါ မွှေပေးလိုက် ဖိပြီးပြားပေးလိုက် ခနထားလိုက် လုပ်လုပ်ပေးပါ
  • အကြွတ်ကြော်မှာ ဖြစ်တဲ့အတွက် စိတ်ရှည်လက်ရှည်နဲ့ အထက်ပါ နည်းအတိုင်း လုပ်လုပ်ပေးပါ
  • နောက်ဆုံး ကော်ကြော်လေး ကြွတ်လာပြီ ဆိုတော့မှ အနေတော် အတုံးလေးတွေကို တုံးပေးပါ
  • ထိုအပေါ်မှာ ကျူဆိုင်ကို ဖြူးပေးပြီးတာနဲ့ မီးပိတ်ပေးပါ
  • အရသာ ရှိလွန်းတဲ့ ကြက်သားကော်ကြော် အကြွတ်ကြော်လေးကို မိမိနှစ်သက်သော အချဉ်ရည်နှင့် တွဲဖက်ပြီး စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
  • ကြက်သားအစား ပုဇွန် ဂဏန်းနှင့် မိမိတို့ နှစ်သက်ရာ အသားများကို အစားထိုးပြီး လုပ်နိူင်ပါတယ်ရှင်။

1 comment:

  1. ​စားချင်စရာ...
    ကျေးဇူးပါ မမ.လုပ်စားကြည့်မယ်​နော်.

    ReplyDelete