Tuesday 14 September 2021

တို့ဟူး ချဉ်ငံစပ်

 






ဒီနေ့တော့ တို့ဟူးကျိုပြီး အမျိုးစုံ ကြိုးခုန်တဲ့ နေ့ပါဘဲ ချဉ်ငံစပ်လေးတစ်မယ်ရယ် တို့ဟူးသုပ်ရယ်နဲ့ တို့ဟူးလေးလဲကြော် လိုက်ပါသေးတယ်။ ဒါကြောင့်မို့လို့ သတ်သတ်လွတ် စားချင်တဲ့သူတွေ ချက်စားနိူင်အောင် မာမာချက်ထားတဲ့ တို့ဟူးဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

တို့ဟူးကြိုနည်း
  1. ပဲအစိမ်းမှုန့် ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၅ဗူးကို ရေအေး ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၇ဗူးခွဲနဲ့စိမ်ပါမယ်
  2. ပဲမှုန့်များကို ရေစိမ်ရာတွင် ခဲနေသောပဲမှုန့်များကို လက်နှင့်ချေပေးပါ
  3. ပဲမှုန့်ရေစိမ်ထားချိန် ၆နာရီလောက် ကြာရပါမယ်။

တို့ဟူးကျိုရန်
  • မကပ်သော အိုးဇောက်နက်နက် တစ်လုံးကို မီးအပူပေးပါ
  • တို့ဟူးကျိုပြီး ထည့်ရန် စတီးဇလုံ ( သို့) ဗူးတစ်ခုကို ဆီသုတ်ထားပေးပါ
  • အိုးပူလာပြီဆိုတာနဲ့ မီးကို အနေတော် အလယ်အလတ်လောက် ရောက်အောင် လျှော့လိုက်ပါ
  • အိုးထဲကို အရည်ဖျော်ထားသော ပဲအရည်ကြည်များ အရင်ဆုံးထည့်ပြီး ကျိုပါမယ်ပဲ
  • အရည်ကြည် ထည့်ပြီးတာနဲ့ ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံလောက် ထည့်ပြီး မွှေပေးပါ
  • မွှေနေစဉ် ပဲရည်ကြည် ပျစ်လာတာနဲ့ အနည်ထိုင်နေသော ပဲအနှစ်များကို ထည့်ပြီး မွှေပေးပါ
  • ပဲအနှစ်မွှေနေချိန်မှာ နဲနဲလေး ပြစ်လာတာနဲ့ဆီ ထမင်းစားဇွန်းနှစ်ဇွန်းလောက် ပဲအနှစ်ထဲထည့်ပြီး မွှေပေးပါ
  • ပဲအနှစ်မွှေချိန် သိမ်မကြာပါဘူး ၁၀မိနစ်လောက်ဆိုရင် ရပါတယ်
  • ပဲရည်ပြစ်လာပြီး တော်တော်လေး ခဲလာပြီဆိုတာနဲ့ ဆီသုတ်ထားတဲ့ ဗူး (သို့ ) ပန်းကန်ထဲ လောင်းထဲ့ပေးပါ
  • နာရီ၀က်လောက်ဆိုရင် ကောင်းကောင်း ခဲပါပြီ။
တို့ဟူးချက်ရန်
  1. တို့ဟူးကို နှစ်သက်သလိုပုံစံ နည်းနည်းထူထူလှီးကာ တစ်ပွဲစာ ပြင်ထားပါ
  2. ခရမ်းချဉ်သီး ခပ်ကြီးကြီး တစ်လုံးကို ပါးပါးလှီးပါ
  3. ငရုတ်သီးစိမ် လေးတောင့်လောက်ကို အညှာခြွေပြီး ရေဆေးထား ပါးပါးလှီးထားပါ
  4. ကြက်သွန်နီတစ်ခြမ်းကို ခပ်ပါးပါး လှီးထားပါ
  5. ကြက်သွန်ဖြူ အမွှာကြီးကြီး ၂မွှာကို ခပ်နုတ်နုတ် လှီးထားပါ
  6. ချင်းလက်တစ်ဆစ်ခန့်ကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  7. ကြက်သွန်မိတ်ကို လက်တဆစ်လောက် အရှည်အရွယ် လှီးထားပါ
  8. ငရုတ်သီး အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း တ၀က်ပြင်ထားပါ
  9. ပဲငံပြာရည် ထမင်းစားဇွန်း တ၀က်ပြင်ထားပါ
  10. အရသာမှုန့် လက်ဖက်ရည်ဇွန်း တ၀က်ပြင်ထားပါ
  11. ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်ကို ပြင်ထားပါ
  12. ဆီ ထမင်းစားဇွန်း နှစ်ဇွန်း ပြင်ထားပါ
တို့ဟူးချက်နည်း
  • မကပ်သော ဒယ်အိုးတလုံးကို ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက ချင်း ကြက်သွန်အဖြူ အနီနှင့်ငရုတ်သီးမှုန့်တို့ကို ဆီသတ်ပါ
  • ဆီသတ်နံ့ သင်းလာတာနဲ့ ခရမ်းချဉ်သီးကျေအောင် ရေအနေတော်လောက် ထည့်မွှေပါ
  • ခရမ်းချဉ်သီးများ ကျေလာတာနဲ့ဆား အရသာမှုန့် ပဲငံပြာရည်နှင့် ငရုတ်သီးစိမ်းတို့ကို တစ်မိနစ်လောက် ထည့်မွှေပေးပါ
  • ခရမ်းချဉ်သီးအနှစ် ပျစ်လာတာနဲ့ တို့ဟူးကိုထည့်ပြီး မမွှေဘဲ အိုးကိုလှုပ်ပေးပြီး အရသာ သမအောင်လုပ်ပေးပါ
  • တစ်မိနစ်လောက် တည်ပြီးတာနဲ့ အရသာမြည်းကာ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
  • ပြီးတာနဲ့ ငရုတ်သီးစိမ်းနှင့် ကြက်သွန်မိတ်ထဲ့ပြီး တစ်မိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ဟင်းရည် အနေတော်လေး ရလာတာနဲ့ ချဉ်ငံစပ် အရသာထူးတဲ့ တို့ဟူးဟင်းကို စားပွဲပြင်နိုင်ပါပြီ။

No comments:

Post a Comment