Thursday 2 September 2021

ပဲကြီးနှပ် စိမ့်စိမ့်လေး







ဒီနေ့တော့ ပဲကြီးနှပ်လေး ချက်ဖြစ်ပါတယ် ပဲကြီးအစစ်တော့ မဟုတ်ပေမဲ့ ပဲကြီးအစစ် မရနိူင်တဲ့ နေရာမှာမို့လို့ ဒီပဲကိုဘဲ ပဲကြီးအစစ်လို သဘောထားကာ ချက်စားရပါတယ်။

ပဲကြီးနှပ် စိမ့်စိမ့်လေး လုပ်စားဖြစ်တိုင်း အရင်ဆုံး မိဘတွေနဲ့ အဝေးမှာ အလုပ်လုပ်နေတဲ့ သားကြီးကို အရမ်းသတိရမိပါတယ် သူအရမ်းကြိုက်တဲ့ ဟင်းလေးမို့ ဒီဟင်းလေးချက်တိုင်း သတိရတာတွေ ပိုစေတဲ့ ဟင်းတစ်မယ်ပါ ဒါကြောင့်မို့လို့ စားမြိန်ဖွယ်ရာ ပဲကြီးနှပ် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. Lima beans 375 g - တစ်ထုတ်
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  3. ဆီ - ထမင်းစားဇွန်း ဆယ့်ငါးဇွန်း
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  • ဇလုံထဲမှာ ပဲကို ရေများများထည့်ပြီး အနည်းဆုံး ၁၀နာရီလောက် စိမ်ထားပါ
  • ရေစိမ်ထားစဉ် အပေါက်ခပ်စိတ်စိတ်ပါသော ဇကာဖြင့် အုပ်ထားပါ
  • ပဲများပွပြီး ရေနည်းသွာပါက ရေကို မြုပ်အောင် ထပ်ထပ်ပြီး ထည့်ပေးပါ
  • ပဲများပွလာပြီး အခွံချွတ်လို့ ရပြီဆိုရင် တစ်စေ့ချင်း အခွံကို စိတ်ရှည်လက်ရှည် ချွတ်ပေးပါ
  • အခွံချွတ်ထားသော ပဲများကို ဇောက်နက်သော အိုးထဲမှာ ပဲနှင့်အတူ အရသာမှုန့် ဆား နနွင်းထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ပြုပ်ပေးပါ
  • ရေမခမ်းခင် ပဲနူးမနူး ဆယ်ပြီး စမ်းကြည့်ပါ
  • ပဲမနူးသေးပါက ရေထပ်ထည့်ပြီး ဆက်ပြုပ်ပေးပါ
  • ပဲများနူးပါက မီးပိတ်ပြီး အအေးခံထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းပေးပါ
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းအနည်းငယ် ထည့်ပေးပြီး အပူပေးပါ
  • ဆီအငွေ့တက်လာတာနဲ့ မီးကိုအနည်းငယ် လျှော့ပေးပြီး ကြက်သွန်ဖြူကို ရွှေဝါရောင် သန်းလာတဲ့ထိ ကြော်ပြီး ဆီစစ်ထားပါ
  • ကြက်သွန်ကြော်ထားသော ဆီထဲမှာ ပဲကိုတစ်မိနစ်လောက် ထည့်ကြော်ပေးပါ
  • ပြီးထာနဲ့ ပန်းကန်ထဲ ပြောင်းထည့်ကာ ဆီစစ်ထားသော ကြက်သွန်ကြော် ဖြူးပေးပြီး ပဲကြီးနှပ် စိမ့်စိမ့်လေးကို စားသုံးနိူင်ပါပြီ။

No comments:

Post a Comment