Wednesday 15 September 2021

ရွှေပဲပင်

 




ကိုဗစ်ကာလ အိမ်ထဲမှာ နေနေရတာ ပျင်းသလိုလို ခံစားလာရတဲ့အတွက် အပင်လေးတွေကို အရင်ကထက် ပိုပြီးတော့ စိုက်ဖြစ်ပါတယ်။။

ဒါကြောင့်မို့လို့ ဒီနေ့တော့ အိမ်မှာစိုက်ထားတဲ့ ရွှေပဲပင်လေးတွေကို ဘယ်လိုစိုက်ရတယ်ဆိုတဲ့ စိုက်နည်းနဲ့ စိုက်ထားတဲ့ အကြောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. White peas - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. မြေကြီးခပ်ပွပွ - လိုသလောက် သုံးပေးပါ
  3. နွားချေး - အနည်းငယ် (မြေဆွေးလေးဆ နွားချေး တစ်ဆ ရောပေးပါ)
  4. ပန်းအိုး - လိုသလောက် သုံးပေးပါ (မိမိအသုံးပြုသည့် အိုးအရွယ်အစားအပေါ် မူတည်ပြီး)
ပြင်ဆင်စိုက်ပျိုးပုံ
  • ဇလုံတစ်လုံးထဲမှာ ပဲများကို ရေမြုပ်အောင် ရေခပ်များများထည့်ပြီး တစ်ညသိပ် စိမ်ထားပါ
  • နောက်နေ့မနက်မှာ စိမ်ထားသော ရေများသွန်ပြီး ဇကာထဲမှာ ထည့်ပေးပါ
  • ပြီးတာနဲ့ အဝတ်စသန့်သန့် တစ်စကို ရေစွတ်ပြီး ပဲများအပေါ်မှာ အုပ်ထားပေးပါ
  • ပဲအပေါ်မှာ အုပ်ထားသော အဝတ်စမှာ ရေခြောက်ပါက ရေထပ်ထပ်စွတ်ပြီးပဲအပေါ် ပြန်အုပ်ပေးကာ လေးရက်လောက် ထားပေးပါ
  • ပဲမှာ အညှောင့်လေးတွေ ထွက်လာပါက စိုက်ဖို့ပြင်ပေးပါ
  • ပန်းအိုးလေးတွေထဲမှာ မြေကြီးနှင့် နွားချေး စပ်ထားတာကို အိုးတစ်ဝက် ထည့်ပေးပါ 
  • ထိုမြေကြီး အပေါ်မှာ ပဲစေ့များကို ဖြန့်ပြီး ထည့်ပေးပါ
  • ပြီးတာနဲ့ ပဲစေ့များ အပေါ်မှာ မြေကြီးကို ခပ်ဖွဖွလေးတွေ လိုက်ဖြူးပေးပါ
  • ရေကို နေ့စဉ် ပုံမှန် ဖျန်းဖျန်းပေးပါ
  • ပဲအပင်ပေါက်ချိန်က တစ်နေရာနှင့် တစ်နေရာ ရာသီဥတု အပူအအေး မတူကြတဲ့အတွက် အပင်ပေါက်ချိန်တော့ တူချင်မှ တူကြပါလိမ့်မယ်
  • ရာသီဥတု ပူပါက အပင်ပေါက်ချိန် မြန်ပြီး ရာသီဥတု အေးပါက အပင်ပေါက်ချိန် နှေးကွေးတတ်ပါတယ်
  • မာမာတို့ဆီမှာ ရာသီဥတုက အရမ်းအေးတဲ့အတွက် အပင်ထွက်နူံး နှေးပါတယ်
  • ရာသီဥတု ပူချိန်မှာ စိုက်တဲ့အခါ သုံးပါတ်အတွင်းမှာ ပဲရွက်လေးတွေ စားလို့ပါတယ်
  • ရာသီဥတု အရမ်းအေးတဲ့ အချိန်မှာတော့ ၇ပါတ်လောက်နေမှ စားလို့ရပါတယ်
  • ပဲရွက်လေးတွေ ရလာတဲ့ အခါမှာ ပဲညွန့်ဟင်းချို ရှမ်းခေါက်ဆွဲ အသုပ် စတဲ့ စားဖွယ်ရာ မျိုးစုံကို ပြင်ဆင်ချက်ပြုပ်ပြီး စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

1 comment:

  1. မျိုးစေ့ကဘယ်မှာဝယ်ရမလဲခဗျ

    ReplyDelete