Tuesday 28 September 2021

သတ်သတ်လွတ် ထမင်းပေါင်း



ဒီနေ့တော့ ဈေးမသွားတာလဲ ကြာပြီဖြစ်နေတော့ ရှိတာတွေ ဆွဲထုတ်ပြီး ထမင်းပေါင်းလေး လုပ်ဖြစ်ပါတယ် နောက်တစ်ခုက မာမာက အသားတွေ သိပ်မစားတော့ သတ်သတ်လွတ်လေးတွေ စားတာများပါတယ်။

ဒါကြောင့်မို့လို့ သတ်သတ်လွတ်ပေမဲ့ စားလို့ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
  1. ပဲလိပ်ချောင်း - တစ်ပေခန့် နှစ်ချောင်း
  2. ကြက်သွန်နီ - အလုံးသေး ငါးဥခန့်
  3. ဘိုစားပဲ  - အတောင့်သုံးဆယ်
  4. မှိုခြောက် - ဆယ့်ငါးခုခန့်
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  6. ပန်းခြောက် - ဆယ့်ငါးခုခန့်
  7. တရုတ်နံနံ - အခက်ကြီးကြီး နှစ်ခက်
  8. ပြောင်းကော်မှုန့်. - ထမင်းစားဇွန်း နှစ်ဇွန်းမောက်မောက်
  9. သကြား - ထမင်းစားဇွန်း တစ်ဇွန်း 
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. ပဲငံပြာရည်အနောက်ရည် - ထမင်းစားဇွန်း တစ်ဇွန်း
  12. ရေ - 2 cups
  13. ဆီ - ထမင်းစားဇွန်း သုံးဇွန်း 
  14. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  15. ချက်ပြီးသား ထမင်း 

ပြင်ဆင်ပုံ

  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးထားပါ
  • ပဲလိပ်ချောင်းကို ရေမြုပ်အောင်ထည့်ပြီး နှစ်နာရီလောက် စိမ်ပေးကာ ရေဆေးပြီး ရေစစ်ထားပါ
  • မှိုခြောက်ကို ရေမြုပ်အောင်ထည့်ကာ နှစ်နာရီလောက် စိမ်ပေးကာ ရေဆေးပြီး ရေစစ်ထားပါ
  • ပန်းခြောက်ကို ရေမြုပ်အောင်ထည့်ကာ နာရီဝက်လောက် စိမ်ပေးပြီး ရေစစ်ထားပါ
  • ဘိုစားပဲကို ရေဆေးပြီး အနေတော်လေးတွေ လှီးထားပါ
  • တရုတ်နံနံကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • အသီးအရွက် မကြော်ခင် ကော်ရည်ကို ဖျော်ထားပေးပါ
  • ပြောင်းကော်မှုန့် သကြား ဆားတို့ကို ရေ တရုတ်ဟင်းရေသောက်ပန်းကန်အလတ် တစ်လုံးခွဲစာလောက်နဲ့ ဖျော်ထားပေးပါ
အသီးအရွက် ကြော်ရန်ပြင်ဆင်ပုံ
  • ပါဝင်ပစ္စည်း အားလုံးကို အဆင်သင့် ပြင်ထားပါ
  • ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပေးပါ
  • ဆီပူလာပါက ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူကို မွှေးလာတဲ့အထိ ကြော်ပေးပါ
  • ကြက်သွန်ဖြူ အနံ့လေး မွှေးလာတာနဲ့ ဖျော်ထားသော ကော်ရည်ကို ထည့်ပေးပါ 
  • ကော်ရည် ပွက်ပွက်ဆူလာတာနဲ့  ငရုတ်ကောင်းမှုန့်နှင့် ပဲသီး မှိုခြောက် ပန်းခြောက် ပဲလိပ်တို့ကို ထည့်မွှေပေးပါ
  • ကော်ရည် ဆယ်မိနစ်လောက် ဆူပြီးတာနဲ့ ကော်ရည်ပျစ်လာပါက ပဲငံပြာရည်ကို ထည့်မွှေပေးပါ
  •  အရသာကို မြည်းပေးပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ပြီးတာနဲ့  ငရုတ်ကောင်းမှုန့်နှင့် တရုတ်နံနံကို ထည့်မွှေပြီးတာနဲ့ မီးပိတ်ပေးပြီး ပန်းကန်ထဲ ပြောင်းထည့်ပေးပါ
  • ပန်းကန်ပြား တစ်ချပ်ထဲမှာ ထမင်းကို ထည့်ပေးကာ ကော်ရည်ကို ဆမ်းပေးပါ
  • ပဲလိပ် မှိုခြောက်ပန်းခြောက် ကော်ရည်ပူပူလေးကို ထမင်းပူပူနဲ့ တွဲဖက်ပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment