Tuesday 27 March 2018

ဘဲသားဟင်း


















ဒီနေ့တော့ ဘဲတကောင်ဝယ်ကာခုတ်ပြီး သိမ်းတန်တာသိမ်းကာ ရင်ပုံတစ်ခြမ်းကိုတော့ မွှေးပျံ့ကာ စားလို့အရမ်းကောင်းတဲ့ ဘဲသားဆီပြန်ဟင်း ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဘဲသား - ရင်ပုံခြမ်း ၁ခြမ်း
  2. ကြက်သွန်နီ - အနေတော် ၂လုံး
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
  4. ချင်း - လက်နှစ်ဆစ်ခန့်
  5. ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  6. ဆီ - စားပွဲတင်ဇွန်းကြီး တဇွန်း
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  8. ကရဝေးရွက် -၂ရွက်
  9. ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  10. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  11. မဆလာ - ထမင်းစားဇွန်း တဇွန်း

ပြင်ဆင်ပုံ
  • ဘဲသားကို ရေဆေးပြီး အနေတော် အတုံးလေးများ တုံးပေးပါ
  • တုံးထားသော ဘဲသားကို ဆား ဟင်းခတ်မှုန့် နနွင်းမှုန့်တို့ဖြင့် အရသာနယ်ပြီး ၁၅မိနစ်လောက် နှပ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ တဥကို ငရုတ်သီးနှင့်ထောင်းပြီး ကျန်တဥကို အစိတ်စိတ်ထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ တဝက်ကို ခပ်မျှင်မျှင်လေးတွေ လှီးပေးပြီး တဝက်ကို ငရုတ်သီးနှင့်ထောင်းရန် ပြင်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ တဝက်ကိုလေးစိတ်စိတ်ထားကာ ကျန်တဝက်ကို ငရုတ်သီးနှင့်ထောင်းရန် ပြင်ထားပါ
  • ကြက်သွန်နီ  ကြက်သွန်ဖြူ ချင်း ငရုတ်သီး အရောင်တင်မှုန့်တို့ကိုရောပြီး ညက်နေအောင် ထောင်းထားပါ
  • ကရဝေးရွက် မဆလာ ဆား ဆီတို့ကို ပြင်ထားပေးပါ

ချက်ပြုပ်ပုံ

  • ဒယ်အိုးတလုံးမှာ ဆီကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက ထောင်းထားသော ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာပါက ကရဝေးရွက်ထည့်မွှေပေးကာ အရသာနယ်ထားသော ဘဲသားများကို ထည့်ပြီးမွှေပေးပါ
  • ဘဲသား အပေါ်ယံကြောတွေ မာတင်းလာအောင်ငရုတ်သီးဆီသတ်ထားတာလဲ အိုးမကပ်စေအောင် ရေနည်းနည်းခြင်းစီထည့်ပေးပြီး ဆီသတ်ပေးပြီးမှ အိုးအဖုံးကိုပိတ်ကာ တည်ပေးပါ
  • ဆီသံလေး ကြားလာတာနဲ့ အိုးမကပ်စေရန် အိုးကိုအသာလေး လှုပ်ပေးပြီး  ရေအနည်းငယ် ထပ်ထည့်ပြီး တည်ပေးပါ 
  • ထည့်ထားသော ရေခမ်းတာနဲ့ ဘဲသားနူးအောင် ရေမြုပ်အောင် ထပ်ထပ်ထည့်ပြီး တည်ပေးပါ
  • ပထမတရည် ခမ်းတာနဲ့ ဘဲသားနူးမနူး စမ်းကြည့်ပါ
  • အသားမနူးသေးပါက ရေထပ်ထည့်ပေးပြီး တည်ပေးပါ
  • ဘဲသားနှုးအိလာပြီဆိုတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ဆီလည်ရေလည် ရနေချိန်လေးမှာ ချင်း ကြက်သွန်ဖြူ ကြက်သွန်နီတို့ကိုထည့်ပြီး အိုးအဖုံးအုပ်ကာ၂မိနစ်လောက် တည်ပေးပါ
  • ဆီပြန်သွားပြီဆိုမှ မဆလာအုပ်ပြီး နှံ့အောင်မွှေပေးကာ အရသာရှိသော ဘဲသားမဆလာအုပ် ဆီပြန်ဟင်း မွှေးမွှေးလေးကို စားပွဲပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment