ဒီနေ့တော့ ဘဲသားဝယ်ထားတာ အဆင်သင့်လေး ဖြစ်နေတာမို့လို့ ဘဲသားကော်ရည် လုပ်စားဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ထားတဲ့ ဘဲသားကော်ရည် လုပ်နည်းလေး မျှဝေလိုက်ပါတယ်။
ပါ၀င်ပစ္စည်းများ
- ဘဲသား - 300 g
- မှိုမဲ - ၁၀ပွင့်
- ဂျပန်မှိုခြောက် - ၇ပွင့်
- ကော်မှုန့် - corn flour 1 cup
- ရေ - 1 cup
- ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- သကြား - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- ဆား - ချင့်ချိန်ထည့်ပါ
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
- ပဲငံပြာရည်အပြစ် - ဟင်းခတ်ဇွန်းကြီး တစ်ဇွန်းခွဲ
- ကြက်သွန်ဖြူဆီချက် အဖတ် - ထမင်းစားဇွန်း ၄ဇွန်း
- တရုတ်မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ကြက်ဥ - ၂လုံး
- ကန်စွန်းရွက် - မိမိစားနိူင်သလောက်
- မျှင်ငါးပိ - ထမင်းစားဇွန်း ၄ဇွန်း
- ငရုတ်သီးစိမ်း - စားနိုင်သလောက်
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာခန့်
- သံပုရာသီး -၂လုံး
- ပုဇွန်ခြောက် - အကောင်ကြီးကြီး အကောင်၂၀ခန့်
- အသင့်စားနိူင်သော ပြုပ်ပြီးသားခေါက်ဆွဲ - တစ်ကီလိုခွဲ
မျှင်ငါးပိထောင်းရန်
- အရင်ဆုံး မျှင်ငါးပိကို မွှေးသွားအောင် ကင်ပေးပါ
- ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးကာ မွှေးနေအောင် လှော်ပေးပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
- အရင်ဦးဆုံး ငရုတ်ဆုံထဲမှာ ပုဇွန်ခြောက်ကို ညက်အောင်ထောင်းပေးပါ
- ပြီးတာနဲ့ ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူကို ညက်အောင်ထောင်းပေးပါ
- နောက်ဆုံးကျမှ ကင်ထားသော ပုဇွန်ငါးပိကို ထည့်ထောင်းပါ
- အားလုံးသမပြီဆိုတာနဲ့ ပန်းကန်တခုထဲ ပြောင်းထည့်ကာ သံပုရည်ညှစ်ကာ ပြင်ထားပါ
ပြင်ဆင်ပုံ
- အသားများသော ဘဲသားကို ရေဆေးထားပါ
- မှိုမည်းကို ရေ၃နာရီလောက် စိမ်ထားပြီး ခပ်ပါးပါး လှီးထားပါ
- ဂျပန်မှိုခြောက်ကို ရေသုံးနာရီလောက် စိမ်ထားပြီး ခပ်ပါးပါး လှီးထားပါ
- ပန်းကန်တလုံးထဲမှာ ကြက်ဥကိုဖောက်ထည့်ပြီး ပွလာတဲ့အထိ ခလောက်ထားပါ
- Corn flour(ကော်မှုန့်)ကို ရေ 1 cup နှင့် ဖျော်ထားပါ
- Chinese five spices powder (တရုတ်မဆလာ) ကြက်သားမှုန့် သကြား ဆား ပဲငံပြာရည် အပြစ်ကြက်သွန်ဖြူ ဆီချက်နှင့် ငရုတ်ကောင်းမှုန့်တို့ကို ပြင်ထားပါ
- အိုးတလုံးထဲမှာ ရေ 3000 ml နှင့် ဘဲသားကိုထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
- အသားနူးတာနဲ့ အိုးထဲမှဆယ်ကာ အအေးခံပြီး ခပ်သေးသေး အတုံးလေးတွေ တုံးထားပါ
- ဘဲသားပြုပ်အိုး ရေပွက်ပွက် ဆူလာတာနဲ့ လှီးထားသော ဘဲသားကိုထည့်ပြီး ပြုတ်ပေးပါ
- ပြီးတာနဲ့ ပါးပါးလှီးထားသော မှိုမည်းနှင့် ဂျပန်မှိုတို့ကို ဟင်းရည်အိုး ဆူဆူထဲ ထည့်ပါ
- ပွက်ပွက်ဆူနေသော ဟင်းရည်အိုးထဲကို ကြက်သားမှုန့် five spices powder (တရုတ်မဆလာ) နှင့် ဆား ကိုထည့်ပါ
- ဟင်းရည်အိုး ပွက်ပွက်ဆူနေချိန်မှာ ခလောက်ထားသော ကြက်ဥကို ဇကာခံပြီး လောင်းထည့်ပေးပါ
- ကြက်ဥလောင်းထည့်စဉ် အမျှင်အဖတ်လေးများရအောင် ဇကာထဲလောင်းထည့်နေချိန်မှာ ဇကာကို ဝေ့ဝှိုက်ပေးနေပါ
- ပြီးတာနဲ့ ကြက်ဥအမျှင်လေးများ ရလာအောင် သစ်သားယောင်းမဖြင့် တဖက်သတ်ထဲ ဝှေ့သိုက်ကာ မွှေပေးပါ
- ဟင်းရည်အိုး ပြန်ဆူလာလျှင် မီးကိုအနေတော် လျှော့ပေးပြီးမှ ဖျော်ထားသော ကော်မှုန့်အရည်ကို ပြန်မွှေပြီး လောင်းထည့်ပေးပါ
- ကော်မှုန့်များပြစ်ပြီး ခဲမသွားစေရန် ၃ မိနစ်ခန့် အဆက်မပြတ် မွှေပေးပါ
- ပြီးတာနဲ့ ပဲငံပြာရည်အပြစ် သကြား ငရုတ်ကောင်းမှုန့် နှင့် ကြက်သွန်ဖြူဆီချက် ကိုထည့်ပြီး ဟင်းရည်အိုးကိုမွှေပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ အိုးအဖုံးဖုံးပြီး မီးပိတ်ပေးပါ
- ကန်စွန်းရွက်ကို ရေစင်အောင်ဆေးပြီး ရေနွေးဆူဆူမှာ ရေနွေးဖျောပေးထားပါ
- မီးပိတ်ပြီးတာနဲ့ ပန်းကန်လုံးထဲမှာ မိမိစားနိူင်သလောက် ခေါက်ဆွဲဖတ် ကန်ဇွန်းရွက်နှင့် ဘဲသားကော်ရည်ကိုထည့့်ပြီး ကော်ရည်ခေါက်ဆွဲ ပူပူလေးကို မျှင်ငါးပိထောင်း ချဉ်ငံစပ်လေးနှင့် တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment