Thursday, 29 March 2018

ဘဲသား ဆန်ပြုပ်






ဆန်ပြုပ်လေး သောက်ချင်လာတော့ ဆန်ကိုအရင်ဆုံး လှော်ပြီး ဆန်ပြုပ်ဖို့ ပြင်ရပြန်ပါတယ် တခါတလေလဲ ဆန်အစိမ်းအတိုင်း ပြုပ်ရတာ က လက်မဝင်ပေမဲ့ ဆန်လှော်လေးနဲ့ ပြုပ်ချင်ရင်တော့ နည်းနည်းလေး လက်ဝင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ဆန်လှော်ဆန်ပြုပ်လေးတွေ မကြာမကြာ ပြုပ်တတ်လို့ ဒီတခါတော့ ဘဲသားလေးလဲ အဆင်သင့် ရှိနေတာနဲ့ ဘဲသားဆန်ပြုပ် ပြုပ်နည်းလေး မျှဝေလိုက်ပါတယ်။

မာမာ အခုပြုပ်တဲ့ အချိုးအစားက မိသားစု နည်းတဲ့သူတွေအတွက် အနည်းငယ် များပါတယ် မိသားစု နည်းရင်တော့ ဆန်ကို အနည်းငယ် လျှော့ပြီးပြုပ်ပေးနိူင်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  2. ရေ - လိုသလောက်
  3. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခွဲ
  4. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  5. ကြက်သွန်မိတ် - လိုသလောက်
  6. ဘဲရင်ပုံသား - 150 g
  7. ကြက်သွန်နီ - အနေတော် သုံးလုံး
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  9. နနွင်းမှုန့်-  လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  10. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  11. ကြက်သွန်နီကြော် - လိုသလောက်
  12. ဆီ - ထမင်းစားဇွန်း ၄ဇွန်း

ပြင်ဆင်ပုံ
  • ဆန်ကို ရေမဆေးဘဲ ရွှေအိုရောင်သန်းလာတဲ့ထိ မီးအနေတော်နှင့်လှော်ပေးပါ
  • ဆန်လှော်နေစဉ် အဆက်မပြတ် မွှေပေးပါ
  • ရွှေအိုရောင် သန်းလာတာနဲ့ ပြုပ်မည့်အိုးထဲသို့ ပြောင်းထည့်ပါ
  • ဆန်လှော်ရဲ့ အထက် ရေလက်ငါးလုံးလောက် မြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • အောက်ခြေ မကပ်စေရန် မကြာမကြာ မွှေပေးပါ
  • ရေခမ်းကာနီး ဆန်စေ့လေးများ ကျေလာတာနဲ့ ရေအပျစ်အကျဲကြည့်ပြီး ထည့်ကာ မီးအေးအေးနှင့် တည်ထားပေးပါ
  • ဆန်သားကျေလာလေ ဆန်လှော်ဆန်ပြုပ်က ကောင်းလေမို့ မီးအေးအေးနှင့် တည်ထားပြီး မကြာမကြာမွှေပေးပါ
  • ကြက်သွန်မိတ်ကို အနေတော် လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ အဖတ်လေးများရအောင် လှီးထားပါ
  • ကြက်သွန်ဖြူကို ဓါးပြားရိုက်ထားပါ
  • ငရုတ်ကောင်းကို ညက်နေအောင် ထောင်းထားပါ
  • ဘဲသားကို အနေတော်လှီးထားပြီး ဆားလက်ဖက်ရည်ဇွန်း တ၀က် ဟင်းချိုမှုန့် လက်ဖက်ရည်ဇွန်း တ၀က်တို့နှင့် နယ်ထားပါ
  • ဆီကိုအပူပေးပြီး နနွင်းမှုန့်ထည့်ပါ
  • ဆီအငွေ့တက်လာတာနဲ့ ကြက်သွန်နီနှင့် ကြက်သွန်ဖြူ တ၀က်ဆီထည့်ကြော်ပါ
  • ကြက်သွန်များ နွမ်းတာနဲ့အရသာနယ်ထားသော ဘဲသားကို ထည့်ပြီး လေးမိနစ်လောက် ဆီသတ်ပါ
  • ဘဲသား အသားမာလာတာနဲ့ ဆန်ပြုပ်အိုးထဲ ပြောင်းထဲ့ပါ
  • ဘဲသားထည့်ပြီးတာနဲ့ ဆား ဟင်းချိုမှုန့် ကြက်သွန်နီတို့ထည့်ကာ ကြက်သွန်နီ နွမ်းတဲ့ထိ မီးအနေတော်နှင့် ပြုပ်ပေးပါ
  • ကြက်သွန်နီ နူးလာတာနဲ့ ရေအပျစ်အကျဲ လိုသလိုပြင်ရန် ရေနွေးကို ထည့်ပေးပါ
  • ပြီးတာနဲ့ ငရုတ်ကောင်းမှုန့် ကြက်သွန်ဖြူတို့ထည့်ပြီး ရေဆူအောင်တည်ကာ အရသာမြည်း၍ လိုသလိုပြင်ကာ ဘဲသား ဆန်လှော်ဆန်ပြုပ်ကို ကြက်သွန်နီကြော်နှင့် ကြက်သွန်မိတ်ဖြူးပြီး သောက်နိူင်ပါပြီ။

No comments:

Post a Comment