ဒီနေ့တော့ ၀က်ကလီစာလေးတွေ ရလာတာနဲ့ အသည်း နှစ်လုံး ကျောက်ကပ်လေးတွေ ၀ယ်လာကာ ၀က်ကလီစာ ကုန်းဘောင်ကြီးကြော် ကြော်ဖြစ်ပါတယ်။
အသီးအရွက်တွေ ဦးစားပေးတဲ့ ဟင်းအမယ် ဖြစ်တာကြောင့် မိမိနှစ်သက်ရာ အဆင်ပြေမဲ့ အသီးအရွက်လေးတွေထည့်ပြီး ကြော်စားနိုင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဝက်ကလီစာ - 250 g ( နှစ်သက်ရာ အသားကို သုံးနိုင်ပါတယ်)
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး၂မွှာ
- ဘရော့ကိုလီ - ၃ခက်ခန့်
- ပန်းငရုတ်ပွ - တစ်ခြမ်း
- မုံလာဥနီ - အနည်းငယ်
- ခရမ်းချဉ်သီး - အနေတော်တစ်လုံး
- ပန်းဂေါ်ဖီ - ၄ခက်ခန့်
- ကြက်သွန်မြိတ် - ၂ပင်
- ချင်း - လက်မ၀က်ခန့်
- ရွှေပဲသီး - ၅တောင့်
- တရုတ်မဆလာ - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
- ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း၂ဇွန်း
- ပဲငံပြာရည်အနောက်ရည် - ထမင်းစားဇွန်း တစ်ဝက်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- နနွင်းမှုန့် - အနည်းငယ်
- သကြား - ထမင်းစားဇွန်း တစ်ဇွန်း
- ဆီ - ထမင်းစားဇွန်း ၆ဇွန်းခန့်
ပြင်ဆင်ပုံ
- ဝက်ကလီစာများကို ရေစင်အောင်ဆေးပြီး ဆားအနည်းငယ်နှင့် နနွင်းမှုန့်တို့ထည့်ကာ နယ်ပေးပါ
- ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
- ပြုပ်ရည်ခမ်းတာနဲ့ ခပ်ပါးပါး လှီပေးထားပါ
- ကြက်သွန်နီကို အခွံခွာကာ ရေဆေးပြီး လေးစိတ် လှီးထားပါ
- ခရမ်းချဉ်သီးကိုလဲ ရေဆေးပြီး လေးစိတ်လှီးထားပါ
- ရွှေပဲသီးကို အကြောသင်ပေးပြီး ရေဆေးထားပါ
- ကြက်သွန်မိတ်ကို ရေဆေးပြီး လက်၂လုံးလောက်အနေ ခပ်ကြမ်းကြမ်း ထူထူလေးတွေ လှီးထားပေးပါ
- ပန်းဂေါ်ဖီ ဘရော့ကိုလီ မုံလာဥနီ ပန်းငရုတ်ပွတို့ကို ရေဆေးပြီး သင့်သလို လှီးပေးထားပါ
- ချင်းကို အခွံခွာပြီး ရေဆေးကာ အမျှင်လေးများ ရအောင် လှီးပေးပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ကာ ခပ်နုတ်နုတ် လှီးပေးပါ
- ဟင်းချက်ရန် လိုအပ်မည့် ပစ္စည်းများ ပြင်ထားပေးပါ
- ဒယ်အိုးကို အပူပေးပြီး ဆီထမင်းစားဇွန်း ၃ဇွန်းကို ထည့်ပေးပါ
- ပြီးတာနဲ့ ကြက်သွန်ဖြူကို မွှေးသွားအောင် ကြော်လိုက်ပါ
- ကြက်သွန်ဖြူ မွှေးလာတာနဲ့ လှီးထားသော ပန်းဂေါ်ဖီ ဘရော့ကိုလီ ပန်းငရုတ်ပွ မုံလာဥနီ ကြက်သွန်နီစသည့် အသီးအရွက်များကို အနည်းငယ် နွမ်းအောင်ကြော်ပြီး ဆယ်ထားပါ
- ခရမ်းချဉ်သီးကိုလဲ သတ်သတ်ထည့်ပြီး ကြော်ပေးကာ ဆယ်ထားပါ
- ဒယ်အိုးထဲမှာ ဆီအနည်းငယ် ထပ်ထည့်ပြီး လှီးထားသော ချင်းကိုထည့်ကြော်ပေးပါ
- ချင်းနံ့အနည်းငယ် မွှေးလာတာနဲ့ ပြုပ်ပြီးလှီးထားသော ဝက်ကလီစာများကို ထည့်ကြော်ပေးပါ
- ၀က်ကလီစာများက ကျက်ပြီးသား ဖြစ်တဲ့အတွက် ချက်ချင်းဆိုသလို ဆား သကြား ပဲငံပြာရည်အကြည် ခရုဆီ ပဲငံပြာရည်အနောက် သကြား စသည့် အရသာများကို ခပ်မြန်မြန်လေး ထည့်ပေးပါ
- ပြီးတာနဲ့ ကြော်ပြီးဆယ်ထားသော အသီးအရွက်ကြော်များ ကြက်သွန်မိတ်နှင့် ရွှေပဲသီးတို့ကိုထည့် မွှေပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
- မိမိနှစ်သက်တဲ့ အရသာ ရပါက စားပွဲပြင်ရန် ပန်းကန်ထဲ ပြောင်းထည့်ပြီး တရုတ်မဆာလာ ဖြူးပေးကာပူပူလူလူလေး သုံးဆောင်နိုင်ပါပြီ။
ဟင်းချက်ကောင်းတဲ့ အန်တီမာကို ခုမှမြင်ဖူးတော့တယ်..။ သမီးက မနက်မနက် ဘလော့ဖွင့်တိုင်း Blog roll မှာ အသစ်အမြဲတက်နေတဲ့ မာမာဆိုတာနဲ့ ၀င်ဖတ်နေကျ..။
ReplyDeleteမိုးငွေ့
ဘလော့လေးဆီ လာလည်တဲ့အတွက် ကျေးဇူးအများကြီးတယ် မိုးငွေ့ရေ
DeleteThanks for your blog. Whenever I want to cook something I refer to your blog.
ReplyDeleteThanks again.
ဘလော့လေးဆီ လာလည်တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင့်
Delete