အေးရှန်းဈေးကို သွားဖြစ်တိုင်း လိုချင်တာလေးတွေဝယ်ကာ အိမ်ရောက်တာနဲ့ ချက်ဖို့ပြင်ရပြန်ပါတယ် ဒီနေ့တော့ မုန့်ညှင်းရွက်တွေ မုံလာဥတွေ ရောကာ ပုဇွန်ထုတ်နဲ့ အရည်သောက်ဆမ်း ဟင်းတစ်မယ်အတွက်ချဉ်ရည်ဟင်း ချက်ပါတယ်။
ပါဝင်ပစ္စည်းများ
- မုံလာဥ - ငါးပင်
- မုံညှင်း - လေးပင်
- ကြက်သွန်နီ - အနေတော် တစ်ခြမ်း
- ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
- ချင်း - လက်တဆစ်၏ တစ်ဝက်
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
- ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- မန်ကျည်းသီးမှည့် အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ပုဇွန်ထုတ် - ၁၅ကောင်ခန့်
- ရှမ်းနံနံ - နှစ်သက်သလောက်
ပြင်ဆင်ပုံ
- မုံလာဥဖြူနှင့် မုံညှင်းပင်ကို သင့်သလိုလှီးပြီး ရေဆေးထားပါ
- ပုဇွန်ထုတ်ကို ရေဆေးပြီး ခေါင်းဖြုတ်၍ မလိုတာတွေဖယ်ကာ သန့်စင်ထားပါ
- ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင်ရောပြီး ထောင်းထားပါ
- ဇောက်နက်သော အိုးထဲမှာ လှီးထားသော မုံလာပင်နှင့် မုန့်ညှင်းရွက်များ ပုဇွန်ထုတ် နနွင်းမှုန့် ဆား ငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
- အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး ရေဆူအောင်တည်လိုက်ပါ
- ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
- မုံလာဥနှင့် မုန့်ညှင်းရွက်များ တော်တော်လေး နွမ်းလာတာနဲ့ ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
- ရေပွက်ပွက်ဆူကာ မုံလာဥများ နူးလာပါက မန်ကျည်းသီးမှည့် အနှစ်ကိုထည့်ပြီး ရေပွက်ပွက်ဆူအောင် လေးမိနစ်လောက် တည်ပေးပါ
- ရေပွက်ပွက် ဆူလာပါက အရသာမြည်းပြီး လိုသလို ပြင်ပေး၍ ရှမ်းနံနံပင်အုပ်ကာ အရသာမြည်းပြီး မီးပိတ်ပေးပါ
- ရှမ်းနံနံရွက် အနံ့လေး မွှေးနေတဲ့ မုံလာဥ ချဉ်ရည်ဟင်း အရည်သောက်ဆမ်းလေး ရပါပြီ။
No comments:
Post a Comment