ဝက်သား အချိုပေါင်းလေး စားချင်လာလို့ ချက်မယ်ပြင်ပြီး ချက်လေသတည်းပေါ့လေ အိမ်ချက်လေးဘဲ ချက်တာမို့လို့ ချက်ရတာ လွယ်ပါတယ် ပေါင်းအိုးနဲ့ချက်စရာမလိုဘဲ ရိုးရိုးအိုးနဲ့ဘဲ နူးအိလာအောင် ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
ဝက်သားအရသာနယ်ရန်
- ၀က်သား သုံးထပ်သား - 500 g ကို ရေဆေးပြီး ခပ်ရှည်ရှည် အတုံးလေးတွေ တုံးထားပါ
- ပဲငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် အားလုံးတို့ကို ၀က်သားထဲထည့်ပြီး အရသာဝင်အောင် နယ်ထားပါ
ဟင်းချက်ရန် လိုသောပစ္စည်းများ
- ဆီ - ထမင်းစားဇွန်း ၃ဇွန်း
- ကြက်သွန်ဖြူထောင်းရန် - အမွှာကြီးကြီး ၃မွှာ
- ကြက်သွန်နီ မညက်တစ်ညက်ထောင်းရန် - ခပ်ကြီးကြီး တဥ
- နာနတ်ပွင့် - တစ်ပွင့်
- ချင်းထောင်းရန် - လက်တစ်ဆစ်ခန့်
- ကြက်သွန်နီ - အနေတော် တစ်လုံးကို အခွံခွာကာ အလုံးလိုက် ရေဆေးပြီး အဖတ်လေးများ ရအောင် လှီးထားပါ
- ကြက်သွန်ဖြူ - ၇မွှာခန့်ကို အခွံခွာပြီး ရေဆေးထားပါ
- သကြား - ထမင်းစားဇွန်း တစ်ဇွန်းသာသာ
ပြင်ဆင်ပုံ
- အရသာ နယ်ထားသော ၀က်သားနှင့် ဟင်းချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
- ဇောက်နက်သော အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ
- ဆီပူလာတာနဲ့သကြားကို ညိုရောင်သန်းတဲ့အထိ ကြော်ပေးပါ
- သကြားညိုလာတာနဲ့ ကြက်သွန်ဖြူ နီ ချင်း နာနတ်ပွင့်တို့ကို မွှေးလာတဲ့ထိ ဆီသတ်ပေးပါ
- ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာနယ်ထားသော ၀က်သားကိုထဲ့ပြီး ဆီသတ်ပေးပါ
- ၀က်သားအသားများ မာလာတဲ့ထိ သုံးမိနစ်လောက် ဆီသတ်ပေးပါ
- အသားများမာလာမှ ရေကိုမြုပ်အောင်ထည့်ပြီး ဆက်တည်ပေးပါ
- ၀က်သားများ နူးပြီးအိလာအောင် ရေထပ်ထဲ့ပြီး တည်ပေးပါ
- ၀က်သားနူးလာပါက ရေမခမ်းခင် အခွံခွာထားသော ကြက်သွန်နီ ကြက်သွန်ဖြူကိုထည့်ကာ မီးအနေတော် လျှော့ပေးပြီး ရေခမ်းအောင် တည်ပေးပါ
- ရေခမ်းပြီး ဆီပြန်လာပါက ၀က်သားပေါင်းဟင်းကို ချိုချိုအိအိလေးကို စားသုံးနိုင်ပါပြီ။
No comments:
Post a Comment