ရာသီဥတုလေးကလဲ အေးလာပြီဆိုတော့ ပူစပ်စပ်လေးတွေဘဲ စားချင်လာပါတယ် ဒါကြောင့်မို့လို့ ဒီတခါတော့ ထမင်းမိန်စေမဲ့ ငံပြာရည်ကြော် ကြော်ဖြစ်ပြန်ပါတယ် လွယ်ကူမြန်ဆန် ကြော်နည်းလေးဖြစ်ပြီး ထမင်းစားလို့ မိန်ရလေအောင် မာမာပြင်ဆင်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ပုဇွန်ခြောက် - အကောင်ကြီးကြီး လက်ဖက်ရည်အကြမ်း ပန်းကန်တစ်လုံး
- ကြက်သွန်နီ - ခပ်ကြီးကြီး ၅လုံး
- ငရုတ်သီးလုံးခြမ်းကွဲ - လက်ဖက်ရည် ပန်းကန်အသေး တစ်လုံး
- ငရုတ်သီးစိမ်း - ၅တောင့်ခန့်
- ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံး
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငံပြာရည် - ထမင်းစားဇွန်း ၅ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်ပုံ
- ပုဇွန်ခြောက်ကို ရေနှစ်ခါလောက်ဆေးပြီး ရေနာရီဝက်လောက် စိမ်ထားပြီးမှ ညက်နေအောင် ထောင်းပေးပါ။
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ပါးပါးလှီးထားပါ။
- ငရုတ်သီးစိမ်းကို အနေတော် လှီးထားပါ။
- အားလုံးအဆင်သင့်ဖြစ်ပါက ဒယ်အိုးကို ဆီထည့်ပြီး အပူပေးပါ။
- ဆီအိုးပူလာပါက နနွင်းမှုန့်ထည့်ကာ ကြက်သွန်နီကို ထည့်ကြော်ပေးပါ။
- ကြက်သွန်နီများ နွမ်းလာပြီး အရောင်မပြောင်းခင်မှာ ငရုတ်သီးမှုန့်ကို ထည့်ပြီး ၂မိနစ်လောက် ကြော်လိုက်ပါ။
- ငရုတ်သီးနံ့မွှေးလာပါက ငရုတ်သီးစိမ်း ပုဇွန်ခြောက်ထောင်း ဆား ငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ပြီး မွှေပေးပါ။
- မကြာမကြာ မွှေပေးပြီး ကြော်ပေးကာ အရသာမြည်း၍ လိုသလို ပြင်ပေးပါ။
- ငံပြာရည်များ ခမ်းမသွားခင် မီးပိတ်ပေးပြီး ပန်းကန်ထဲ ပြောင်းထည့်ပေးပါ။
- ငံပြာရည်ချက် စပ်စပ်မွှေးမွှေးလေး ရပြီဆိုတာနဲ့ နှစ်သက်ရာ တို့စရာတို့ဖြင့် တွဲဖက်ပြီး စားနိုင်ပါပြီ။
No comments:
Post a Comment