ဒီက ရွှေဖရုံသီးတွေ စားရတာ မြန်မာပြည်က ရွှေဖရုံသီးလို စေးစေးထန်းထန်းလေး မနေဘဲ ချက်လိုက်တိုင်း ဖွာလန်ကျဲလေးလေး ဖြစ်နေတော့တာပါဘဲ ဒါပေမဲ့လဲ ရွှေဖရုံသီးဆို ဘယ်လိုချက်ချက် အရမ်းကြိုက်တဲ့အတွက် မကြာမကြာတော့ ချက်စားဖြစ်ပါတယ် ဒီနေ့လဲ ပုဇွန်ခေါင်းချိုး ပိစိကွေးလေးတွေ ရလာတော့ အရည်သောက်ဆမ်း ဟင်းတမယ် လွယ်ကူမြန်ဆန်စွာ ချက်မိပြန်ပါတယ်။
ပါဝင်ပစ္စည်းများ
- ရွှေဖရုံသီး - တစ်ကီလို
- ဆီ - ထမင်းစားဇွန်း ၂ဇွန်း
- ကြက်သွန်နီ - အနေတော် တစ်ခြမ်း
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ပုဇွန်ခေါင်းချိုး - ၁၅ကျပ်သား
- ရေ - တရုတ်ဟင်းရည်သောက် ပန်းကန်လုံးအလတ် တစ်လုံးခွဲစာ
ပြင်ဆင်ပုံ
- ရွှေဖရုံသီးကို အခွံခွာပြီး အစေ့ထုတ်ကာ အနေတော်တုံးပြီး ရေဆေးထားပေးပါ
- ပုဇွန်ကိုရေဆေးကာ ခေါင်းအမြှီးဖြုတ်ပြီး ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းနှင့် နယ်ထားပါ
- ကြက်သွန်ဖြူ ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
- ဇောက်နက်သော အိုးတစ်လုံးမှာ ဆီထည့်ပြီး အပူပေးပါ
- ဆီပူလာလျှင် ကြက်သွန်နီ ကြက်သွန်ဖြူ နှင့် နနွင်းမှုန့် ထည့်ကာ မိနစ်ဝက်ခန့် ကြော်ပေးပါ
- ပြီးတာနဲ့ ရွှေဖရုံသီးထည့်ပြီး ၁ မိနစ်ခန့် ကြော်ပေးကာ ဆားနှင့် ရေကို ထည့်ပေးပါ
- ဟင်းရည်အပျစ် အကျဲကို လိုသလိုပြင်၍ ထည့်ပေးပါ
- ရွှေဖရုံသီး ပျော့ရုံလေး တည်ပေးပြီး အထက်အောက် အသာလေး လှန်ပေးပါ
- ပြီးတာနဲ့ပုဇွန်ထည့်ပြီး အဖုံးအုပ်ကာ ၄မိနစ်ခန့် တည်ပေးပါ
- ပုဇွန်ကျက်တာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ကာ ရွှေဖရုံသီး ပုဇွန်ခေါင်းချိုး အရည်သောက်ဆမ်းဟင်းကို ပုဇွန်ငါးပိထောင်း သရက်သီးကုလားတယ်နှင့်ချက်ထားသော ကြက်သားဟင်းဆီပြန်တို့နှင့် တွဲဖက်ပြီး သုံးဆောင်ရန်ပြင်ပေးပါ။
No comments:
Post a Comment