ကိုယ်စားနေကျ မဟုတ်တဲ့ ပေါ့လျံလျံအစာတွေနဲ့ နပမ်းလုံးလာခဲ့ရတဲ့ အစာတွေစားပြီး နေတွေလဲ မကောင်းချင်သလိုလိုနဲ့ အိမ်ပြန်ရောက်တာနဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ် ထမင်းနဲ့ပဲကြာဇံအရောလေး ချဉ်ပြီး ငံစပ်နေအောင် သုပ်စားဖြစ်လို့ တစ်ခါထဲ ဗိုက်ဝစေမဲ့ လွယ်ကူမြန်ဆန် ချဉ်ငံစပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ပဲကြာဇံ အခြောက် - 50 g
- ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
- ပဲအကျက်မှုန့် - လိုသလောက်
- ငရုတ်သီး အလှော်မှုန့် - လိုသလောက်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ု သုံးပုံတပုံ (ဆီချက်ချက်ရန်)
- ဆီ - လိုသလောက် သုံးပေးပါ
- အရသာမှုန့် - လိုသလောက်
- ကြက်သွန်ဖြူ ဆီချက် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
- မကျည်းသီးအမှည့် - ထမင်းစားဇွန်း နှစ်ဇွန်းစာ
- ငါးငံပြာရည် - လိုသလောက်
- ဂေါ်ဖီ - အနေတော် တစ်ခြမ်း
- ကြက်သွန်ဖြူ (၁၃မွှာ ဆီချက်အတွက် ၅မွှာ ဟင်းခါးအတွက် ၃မွှာ အသုပ်နှင့်စားရန် ၅မွှာခန့်)
- ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
- ငရုတ်ကောင်းမှုန့် ငါးစေ့ခန့်
- ဂေါ်ဖီ - အနည်းငယ်
ထမင်းချက်ရန်
- ဆန်ကိုရေနှစ်ထပ်ခန့်ဆေးကာ ပုံမှန်ထမင်းချက်သည့်အတိုင်း ချက်ပေးပါ
- ထမင်းကျက်တာနဲ့ အအေးခံထားပါ
အာလူးပြုပ်ရန်
- အာလူးကို ရေဆေးပြီး ဇောက်နက်သော အနေတော် အိုးထဲမှာ ထည့်ပေးပါ
- ပြီးတာနဲ့ အာလူးကို ရေမြုပ်အောင်ထည့်ပြီး အာလူးနူးအောင် ပြုပ်ပေးပါ
- အာလူးနူးတာနဲ့ အခွံခွာပြီး မထူမပါူလေးတွေ လှီးပေးပါ
ကြာဇံပြုပ်ရန်
- ပဲကြာဇံကို ရေ တစ်နာရီလောက် စိမ်ထားကာ ရေစစ်ထားပြီး ဇလုံတစ်လုံးထဲမှာ ထည့်ပေးထားပါ
- ရေကို ပွက်ပွက်ဆူအောင် တည်ပေးပါ
- ရေဆူလာတာနဲ့ ရေစစ်ထားသော ကြာဇံဇလုံထဲကို ရနွေးပူပူ လောင်းထည့်ပေးပါ
- ရေနွေးစိမ်ချိန် သုံးမိနစ်လောက်ကြာတာနဲ့ ရေနွေးကို ဇကာထဲသွန်ပြီး ရေစစ်ထားပါ
ဆီချက် ချက်ရန်
- ကြက်သွန်ဖြူငါးမွှာကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ဒယ်အိုးထဲမှာ ဆီထမင်းစားဇွန်း ဇွန်းနှစ်ဆယ်စာလောက်ထည့်ပြီး ဆီကိုအပူပေးပါ
- ဆီပူလာတာနဲ့ ဆီထဲကို နနွင်းမှုန့်ထည့်ပေးကာ ကြက်သွန်ဖြူကို ထည့်ကြော်ပါ
- ကြက်သွန်ဖြူများ အ၀ါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ကာ အအေးခံထားပါ
- ဆီကိုလဲ အအေးခံကာ ဆီချက်အေးသွားမှ ကြက်သွန်ကြော်များနှင့် ရောပေးပါ
ဟင်းခါးချက်ရန်
- ရေ တရုတ်ဟင်းရည်သောက် ပန်းကန် နှစ်လုံးစာထဲ ပုဇွန်ခြောက် ၇ကောင်လောက်ကို ထောင်းပြီးထည့်ပါ
- ဆား လက်ဖက်ရည်ဇွန်း တ၀က် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တဇွန်းထည့်ပြီး ရေဆူအောင်တည်ပါ
- ရေဆူလာပါက ငရုတ်ကောင်း ၅စေ့လောက်နှင့် ကြက်သွန်ဖြူ ၂မွှာလောက်ကို မညက်တညက်ထောင်းပြီး ဟင်းရည်အိုးထဲ ထည့်ကာ ဂေါ်ဖီ ခပ်ပါးပါးလှီးပြီး ထည့်ပြီး ရေဆူအောင်တည်ပြီး အရသာမြည်ကာ မီးအေးအေးနှင့် တည်ထားပါ
အသုပ် တစ်ပွဲစာပြင်ရန်
- အသုပ်သုပ်ရန် ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
- ဂေါ်ဖီကို ခပ်ပါးပါး လှီးပေးပြီး ရေဆေးကာ ရေစစ်ထားပါ
- မန်ကျည်းသီးမှည့်ကို ရေဆေးပြီး ရေနွေးပူပူ ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးစာနှင့် စိမ်ထားပါ
- ဇလုံတစ်လုံးထဲမှာ ထမင်း ဂေါ်ဖီ အာလူးနှင့် ပဲကြာဇံတို့ကို တစ်ပွဲစာ ထည့်ပေးပါ
- ဆီချက် ထမင်းစားဇွန်း နှစ်ဇွန်း ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း ပဲအကျက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း ငရုတ်သီး အလှော်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ မကျည်းရည် ထမင်းစားဇွန်း တစ်ဝက်သာသာ တို့ထည့်ကာ ခပ်ဖွဖွ နယ်ပေးပါ
- ပဲကြာဇံထမင်းသုပ် အသုပ်အရသာ နယ်ပြီးတာနဲ့ ချဉ်ငံစပ် အရသာ လိုသလို ပြင်ပေးပြီး စားပွဲပြင်ပေးပါ
- အသုပ်ပွဲ ပြင်ဆင်ပြီးပါက ဆလတ်ရွက် ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂေါ်ဖီဟင်းခါးတို့နဲ့ သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment