Friday 26 February 2016

ပဲပြုပ် ချိုချိုအိအိလေး ( ပထမနည်း )





ပဲပြုပ်က အပင်ဖောက်ပြီးပြုပ်မှ ချိုတာမို့ မာမာတော့ အပင်ဖောက်ရက် ၃ရက်လောက်နေမှ ပဲကိုပြုပ်လေ့ ရှိပါတယ် ဒီတခါတော့ မြန်မြန်စားချင်တာနဲ့ ပဲကိုအပင် မဖောက်တော့ဘဲ တစ်ညသိပ် ရေစိမ်ပြီး ပြုပ်ထားပါတယ်။

ထန်းလျှက်ခဲနှင့် ဆားတို့ထည့်ပြီး ပြုပ်နည်းလေး ထပ်ပြောင်းထားပါတယ် ပြုပ်ရတာ အရင်ပဲပြုပ်သလိုလွယ်ပြီး  ပဲသားအိအိလေးလဲရပါတယ်။

ပဲပြုပ်တဲ့အခါ အိုးကိုခနခန ဖွင့်မကြည့်ရသလို မွှေပေးစရာလဲ မလိုပါဘူး ခနခန အိုးအဖုန်းဖွင့်ပြီး ကြည့်တဲ့အခါ မွှေပေးအခါတွေမှာ ပဲကအခွံတွေ ကျွတ်ထွက်ကုန်ပြီး မလှတော့ဘဲ ဖြစ်သွားတတ်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. Dried peas - 375 g
  2. ထန်းလျှက်ခဲ -  ကွမ်းသီးလုံးလောက် တစ်ခဲ
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ရေ - ပဲအထက် လက်တဆစ်ခန့်
  5. ပြုပ်ရန်အိုး - အိုးအသားထူပြီး ပြုပ်မည့်ပဲနှင့် ပမာဏ သိပ်မကွာတဲ့ အနေတော် အိုးတစ်လုံး

ပြင်ဆင်ပုံ

  • ဇလုံတစ်လုံးထဲမှာ ပဲများကိုထည့်ပြီး ရေတစ်ထပ် ဆေးပေးပါ
  • ပြီးတာနဲ့ ရေမြုပ်အောင် ထည့်ပေးကာ ၁၀နာရီလောက် ရေ၀အောင် စိမ်ထားပေးပါ 
  • ရေ၀ပြီး ပဲများပွလာပြီ ဆိုတာနဲ့ ပဲပြုပ်ဖို့ ပြင်နိုင်ပါပြီ
  • အထက်မှာ ပြထားသော အောက်ခြေထူတဲ့ အိုးကဲ့သို့သော အိုးထဲသို့ပဲများကို ပြောင်းပြီး ထည့်ပေးပါ
  • ရေကိုပဲအထက် လက်တစ်ဆစ်ခန့် မြုပ်အောင်ထည့်ပေးပါ
  • ထန်းလျှက်ခဲ ကွမ်းသီးလုံးခန့် တစ်ခဲနှင့် ဆားထည့်ပြီး အိုးအဖုံးအုပ်ကာ ပြုပ်ပေးပါ
  • ပဲအိုး ရေပွက်ပွက် ဆူလာပြီ ဆိုတာနဲ့ ပဲအိုးရေခမ်းတဲ့အထိ ဆက်ပြုပ်ပါ
  • ပဲပြုပ်ချိန် မိနစ်၄၀လောက်ဆို ရေခမ်းကာ နီးလာပါပြီ 
  • ရေခမ်းကာနီးပါက မီးကိုနံပါတ်တစ်လောက်ထိ လျှော့ချပြီး ပဲအိုးကို မီးအေးအေးနဲ့နှပ်ပေးပါ
  • ရေခမ်းပြီး ပဲများနပ်လောက်ချိန်မှာ အိုးကိုအဖုံး ဖုံးထားပြီး လက်နှစ်ဖက်နှင့် အ၀တ်ခံပြီးကိုင်ကာ အထက်အောက် သမအောင် ၂ချက်လောက် ခလောက်ပြီး ပဲကိုအထက်အောက် လှန်ပေးပါ
  • ပြီးတာနဲ့ မီးပိတ်ပြီး မီးဖိုပေါ်မှာ လက်ကျန်မီးအပူရှိန်နဲ့နှပ်ထားပေးပါ
  • ပဲနပ်သွားပြီဆိုပါက ချိုပြီးအိနေသော ပဲပြုပ်အိအိ မွှေးမွှေးလေးကို မိမိနှစ်သက်သလို စားသုံးနိုင်ရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment