Tuesday 23 February 2016

မုန့်ကြပ်တိုက်






ဒီနေ့တော့ မြန်မာမုန့်အချိုစိမ့်စိမ့်လေး စားရအောင် မာမာ မုန့်ကြပ်တိုက်လေး လုပ်ပါတယ် မာမာတို့ငယ်ငယ်က အိမ်မှာ ခနခနလုပ်စားဖြစ်တဲ့ မုန့်တမျိုးပါ ကောက်ညှင်းမုန့် ကြိုက်သူတွေအတွက် နှစ်သက်မဲ့ မုန့်တမျိုးပါ။

မုန့်ကြပ်တိုက်က ကောက်ညှင်းမှုန့်နဲ့ရေရောပြီး မုန့်စပ်ရုံပါဘဲ မုန့်သားမပေါက်အောင်တော့ မုန့်နှစ်ကို အသားသေအောင် ထားရပါတယ်။

မုန့်ကြပ်တိုက် ဆိုပေမဲ့ ဆီနည်းနည်းနဲ့ အိုးပူတိုက်တာဘဲ ဖြစ်ပါတယ် နည်းလေးသိရင် စားလို့အရမ်းကောင်းသလို မုန့်လုပ်ရတာလို့လဲ လွယ်ပါတယ် မုန့်စပ်နည်းနဲ့ အိုးပူတိုက်နည်း ကျွမ်းကျင်ရင်တော့ ခနခနလုပ်စားဖြစ်မဲ့ မုန့်လေးတမျိုး ဖြစ်ပါတယ်။

မုန့်မလုပ်ခင် မုန့်သားနယ်ပြီး အနည်းဆုံ ၂နာရီ၃နာရီလောက် မုန့်သား အသားသေအောင် ထားပေးရပါတယ် မုန့်သားမသေရင် ကြော်တဲ့အခါမှာ မုန့်သားက ထပေါက်ပြီး  မုန့်သားပူပူတွေ  ခပ်ဝေးဝေးထိ လွင့်စင်ပြီး ပေါက်တတ်ပါတယ်။

ဒါကြောင့်မို့ ဆီပူမထိရလေအောင် မုန့်သား အသားသေအောင်ထားပြီးမှ အိုးပူတိုက်တာအကောင်းဆုံးပါ မုန့်သား အသားသေသွားရင်တော့ ကြော်နေစဉ် ဆီပူပေါက်ပြီးမှန်မှာ မကြောက်ရတော့ပါဘူး။

မုန့်ကြပ်တိုက် ၁၅ခုစာအတွက်

ပါဝင်ပစ္စည်းများ

  • ကောက်ညှင်းမှုန့်. - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
  • ရေနွေး - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူးသာသာ
  • ဆီ - ထမင်းစားဇွန်း ၃ဇွန်း
  • ထန်းလျှက်ခဲ - 200 g

ပြင်ဆင်ပုံ

  • အိုးတလုံးထဲမှာ ရေကိုထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ကောက်ညှင်းမှုန့်ကို ရေနွေးထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူးသာသာတို့ကို နည်းနည်းချင်းထည့်ကာ နယ်ပေးပါ
  • ကောက်ညှင်းမှုန့်အပေါ်မူတည်ပြီး ရေကို နည်းနည်းချင်းထည့်ပြီး နယ်ပေးပါ
  • မုန့်သားပျော့ပြီး စေးလာပြီဆိုရင် မုန့်သားအရမ်းမပျော့စေရန် ရေအကုန်မထဲ့ဘဲ ရေကိုချန်ထားလိုက်ပါ
  • မုန့်သားပျော့လာပါက အ၀တ်စသန့်သန့်ကို ရေစွတ်ပြီး ရေညှစ်ကာ မုန့်သားအပေါ် အုပ်ထားပေးပါ
  • မုန့်သား အသားသေပြီး ကြော်လို့ကောင်းစေရန် မုန့်သားကို အနည်းဆုံး ၂နာရီကျော် ၃နာရီလောက် နှပ်ထားပေးပါ။
  • မုန့်သားနှပ်ပြီးတာနဲ့ လက်တဖျစ်စာသာသာ  အနေတော် မုန့်သားကိုယူကာ လက်ဖ၀ါး နှစ်ဖက်နဲ့ ပွတ်ပြီး မုန့်သားရှည်ရှည်လေးရအောင်လုပ်ကာ ပုံပါပြထားတဲ့အတိုင်းရအောင်  ဖိပြီးပြားလိုက်ပါ
  • အောက်ခြေမကပ်သော ဒယ်အိုးပြားကို ဆီပါတယ် ဆိုရုံလေးထည့်ပြီး ဆီကိုမီးအပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အနေတော်သို့ လျှော့လိုက်ပါ
  • မီးပြင်းလွန်းရင် အတွင်းသားတွေ မကျက်ဘဲ အပြင်သားလဲ ကျွမ်းလွယ်ပါတယ်
  • မီးအနေတော်နဲ့ အိုးပူတိုက်နေစဉ်  တဖက်ကျက်ရင် တဖက်ကို လှန်ပေးပါ
  • ၂ဖက်လုံး မုန့်သားအရောင် ပြောင်းသွားပြီး အပြင်ခွံ ကျွတ်လာပါက ဆယ်ပြီး ဆီစစ်သော စက္ကူပေါ်တင်ပြီး ဆီစစ်ပေးပါ
ထန်းလျှက်ရည်ကျိုရန်
  • ထန်းလျှက်ခဲ - 200 g
  • ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
  • မီးအနေတော်နဲ့ ရေနှင့် ထန်းလျှက်ခဲကို ကျေအောင်ကျိုပေးပါ
  • ထန်းလျှက်ခဲများ ကျေသွားပါက အရည်ကို ဆက်တိုက်မွှေပေးပါ
  • မွှေနေစဉ် ထန်းလျှက်ရည် ပေါက်စေးကျအောင် ကျိုပေးပါ
  • ပေါက်စေးကျမကျ  အနေအထား ရမရသိစေရန် ထန်းလျှက်ရည်ကို သစ်သားယောင်းမနှင့် ဆယ်ပြီး အိုးထဲမှာဘဲ ပြန်လောင်းချကြည့်ပါ
  • သစ်သားယောင်းမမှာ ခပ်ပြစ်ပြစ်အနေအထား ကပ်နေပြီဆိုရင် ရပါပြီ
  • ထန်းလျှက်ရည် ပေါက်စေးကျ အနေအထားလောက်ရရင် အအေးခံပြီး မုန့်ကြပ်တိုက်နှင့် တို့ပြီး စားလို့ရပါပြီ။

No comments:

Post a Comment