မာမာတို့ ငယ်ငယ်က မာမာတို့အမေ မကြာခန ထိုးကျွေးဖြစ်ခဲ့တဲ့ ထမနဲထိုးနည်းလေးနဲ့ ထိုးထားတဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်။
အမေ့လက်ရာမို့လို့ ပိုပြီးစားကောင်းတဲ့အတွက် ထမနဲထိုးပြီး စားမယ်ဆိုရင် ဒီနည်းအတိုင်း ထိုးစားတာ အရသာပိုရှိပြီး အနံ့လဲ ပိုမွှေးတဲ့အတွက် နှစ်သက်ကြမယ်လို့ ထင်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ကောက်ညှင်းဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
- အုန်းသီး - အနေတော် တစ်လုံး
- ချင်း - ၂လက်မ
- နှမ်းမဲ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဝက်မရှိတစ်ရှိ
- ဆား - လဖက်ရည်ဇွန်း တစ်ဝက်သာသာ
- မြေပဲ - ထမင်းပေါင်းအိုး ဆန်ချင်ဗူးတစ်ဗူး
- ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ
ပြင်ဆင်ပုံ
- ကောက်ညှင်းဆန်ကို ရေဆေးကာ ၆နာရီလောက် ရေစိမ်ထားပါ
- ရေစိမ်ထားချိန် ပြည့်တာနဲ့ ချင်းကို အခွံခွာကာ ရေဆေးပြီး အချပ်လိုက် ပါးပါးလှီးပြီး အမြှောင်းလေးတွေရအောင် ထပ်လှီးပေးပါ
- လှီးထားသော ချင်းကို ဆီပူပူမှာ ကြော်ပြီး ၀ါရောင်သန်းလာရင် ဆယ်ပြီးဆီစစ်ထားပါ
- အုန်းသီးတခြမ်းကို ခပ်ပါးပါး အစိတ်လေးများရအောင် ထိုးထားပြီး တ၀က်ကို ဒီအတိုင်းထားပါ
- ကျန်တ၀က်ကို အနေတော်စိတ်ကာ ဆီနှင့်ရွှေဝါရောင် ရအောင်ကြော်ပြီး ဆယ်ထားပါ
- ကျန်သော အုန်းသီးတခြမ်းကို အုန်းခြစ်နှင့်ခြစ်ပြီး ဆီပူမှာ နီရောင်သန်းအောင် ကြော်ပြီး ဆီစစ်ထားပါ
- နှမ်းမဲကို ကျက်အောင်လှော်ပြီး အဆင်သင့် ပြင်ထားပါ
- မြေပဲကို ကျက်အောင်လှော်ပြီး အခွံချွတ်ထားပါ ( လှော်ပြီးသား သုံးလဲရ )
- အားလုံးအဆင်သင့် ဖြစ်ပြီဆိုရင် အုန်းသီးကြော် နှမ်းကြော် ချင်းကြော်ထားသောဆီကို မကပ်သောအိုး ဇောက်နက်နက်နဲ့ပူလာအောင် ပြန်တည်ပေးပါ
- ဆီပူလာတာနဲ့ကောက်ညှင်းဆန်ကို ရေစစ်ပြီး ထဲည့်ကြော်၍ ကြော်နေစဉ် မကပ်အောင် မွှေမွှေပေးပါ
- ကောက်ညှင်းဆန်သား ကွဲလာပြီး ဆန်သားကြည်လာတာနဲ့ ရေမြုပ်အောင်ထဲ့ပြီး မွှေပေးကာ မီးအနေတော်နှင့် တည်ပေးကာ မွှေပေးပါ
- ပထမ တရည် ခမ်းအောင်တည်ပေးပြီး နောက်တရည် မြုပ်အောင်ထပ်ထည့်ပြီး ဆက်တိုက်မွှေပေးပါ
- ရေခမ်းကာနီး ကောက်ညှင်းဆန်သား ကျေလာကာ ဆီသားတက်လာပြီ ဆိုတာနဲ့ အုန်းသီးစိမ်း အုန်းသီးကြော် မြေပဲ ချင်း ဆား နှမ်းမဲတို့ကို တမျိုးဆီ ထည့်ပြီး မွှေပေးပါ
- မွှေနေရင်းက ရေခမ်းလာပြီး ဆီသား ကြွတ်ကြွတ်မြည်လာကာ ဆီအကုန် ပြန်တက်လာပြီ ဆိုတာနဲ့ ထမနဲမွှေးမွှေးလေး ရပါပြီ
- တာရှည် အထားခံရန် ထမနဲထိုးစဉ် ထွက်လာသော ဆီနှင့်ထမနဲကို မြုပ်အောင်ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားပြီး စားနိုင်ပါတယ်
- ထမနဲကို အအေးခံပြီး ကြော်ထားသော အုန်းသီးမှုန့်ဖြူးကာ စွဲမက်စရာ ကောင်းလွန်းတဲ့ ထမနဲ မွှေးမွှေးလေးကို စားသုံးနိုင်ပါပြီ။
No comments:
Post a Comment