ဒီနေ့တော့ ဆိတ်သားကို ဘယ်လိုချက်ရမလဲ စဉ်းစားနေရင်းက ပလာတာ နံပြား ပေါင်မုန့် ချာပါတီ ထမင်းပူပူလေးတို့နဲ့ လိုက်ဖက်တဲ့ ဆိတ်သားခဘတ်လေးဘဲ ချက်ဖြစ်လို့ မာမာချက်တဲ့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။
ဆိတ်သားခဘတ်က ပူစီနံရွက်လေး အုပ်ချက်ရင် အရသာ ပိုပြီးကောင်းပါတယ် မာမာကတော့ ပူစီနံရွက် ဝယ်လို့ မရတာနဲ့ ထည့်မချက်ထားပါဘူး ဒါပေမဲ့လဲ ဆိတ်သားခဘတ်ချက်တဲ့ မဆလာရဲ့  အနံ့ အရသာကြောင့် စားလို့တော့ အရမ်းကောင်းပါတယ်။
ပါဝင်ပစ္စည်းများ
- ဆိတ်သား - 250 g
- ကြက်သွန်နီ - အနေတော် ၅လုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
- ခရမ်းချဉ်သီး - အနေတော် ၄လုံး
- ငရုတ်သီးစိမ်း - အတောင့်ကြီးကြီး ၇တောင့်
- သံပုရာသီး - တစ်ခြမ်း
- ချင်း - လက်တစ်ဆစ်ခန့်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ခဘတ် မဆလာ - လက်ဖက်ရည်ဇွန်း ၁ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- နွားနို့ - ထမင်းစားဇွန်း ၃ဇွန်း
- ပူစီနံ - ဆယ်ညွန့်ခန့်
- ဆီ - ဟင်းခပ်ဇွန်းကြီး ၂ဇွန်း
ဆိတ်သားခဘတ်အတွက် မဆလာစပ်ရန်
- နံနံစေ့ - ထမင်းစားဇွန်း ၅ဇွန်း
- ဇီယာစေ့ - ထမင်းစားဇွန်း ငါးဇွန်း
- ငရုတ်ကောင်းစေ့ - ထမင်းစားဇွန်း ငါးဇွန်း
ပြင်ဆင်ပုံ
- ဒယ်အိုးတစ်လုံးထဲမှာ နံနံစေ့ ဇီယာစေ့နှင့် ငရုတ်ကောင်းစေ့တို့ကို ထည့်ပေးပြီး လှော်ပေးပါ
- အနံ့လေး သင်းလာတာနဲ့ မီးပိတ်ပေးပြီး ငရုတ်ဆုံထဲထည့်ကာ ညက်နေအောင် ထောင်းထားပါ
- ပြီးတာနဲ့ ဟင်းချက်တဲ့ အထဲကို လိုသလောက်ဘဲ သုံးပေးပြီး ပိုတာကို လေလုံပုလင်းထဲမှာ ထည့်ပေးပြီး နောက်ထပ်ချက်တဲ့အခါ ပြန်သုံးနိုင်အောင် သိမ်းထားပါ။
ဟင်းချက်ရန် ပြင်ဆင်ပုံ
- ဆိတ်သားကို အတုံးလိုက် ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ။
- လှီးထားသော ဆိတ်သားကို ဆား နနွင်း အရသာမှုန့်နှင့် သံပုရာရည် နွားနို့နှင့်နယ်ကာ အနည်းဆုံး တနာရီလောက် နှပ်ထားပါ။
- ကြက်သွန်နီများကို အခွံခွာပြီး အလုံးလိုက် ရေဆေးထားပါ။
- ကြက်သွန်ဖြူများကို အခွံခွာပြီး ရေဆေးက ခပ်နုတ်နုတ်စဉ်းထားပါ။
- ကြက်သွန်နီ နှစ်လုံးကို ခပ်နုတ်နုတ် လှီးထားပါ။
- ကျန်သော ကြက်သွန်နီ ၃လုံးကို လက်နှစ်လုံးခန့် အဖတ်လေးများ လှီးထားပါ။
- ငရုတ်သီးစိမ်းကို ညက်နေအောင် ထောင်းထားပါ။
- အစပ်မစားပါက ငရုတ်သီးစိမ်းကို အတောင့်လိုက် ထည့်ပေးပါ
ဟင်းချက်ရန်
- ဇောက်နက်သော အိုးကိုအပူပေးပါ။
- အိုးပူလာပါက ဆီထည့်ပြီး ဆီကိုအငွေ့တက်လာအောင် တည်ပေးပါ။
- ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းနှင့် ငရုတ်သီးစိမ်း ထောင်းပြီးသားတို့ကို မွှေးလာတဲ့ထိ ဆီသတ်ပါ။
- ငရုတ်သီးနံ့ မွှေးလာတာနဲ့ အရသာနယ်ထားသော ဆိတ်သားကို ထည့်ပြီး ဆီသတ်ပါ။
- ဆီသတ်စဉ် အသားများကို မကြာမကြာ မွှေပေးပါ။
- ၈မိနစ်လောက်ကြာအောင် ဆီသတ်ပြီးမှ အသားနူးစေရန် ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ။
- ရေမခမ်းခင် အဖတ်လေးများ လှီးထားသော ကြက်သွန်နီ ခရမ်းချဉ်သီးနှင့် ခဘတ်မဆလာတို့ကို ထည့်မွှေ၍ ရေခမ်းပြီး ဆီပြန်အောင် တည်ပေးပါ။
- ဆီပြန်လာပါက အရသာမြည်းကာ လိုသလိုပြင်ပြီး ပူစီနံရွက်ကို အုပ်ပေးပြီးပါက ပေါင်မုန့် ပလာတာ ချာပါတီ ထမင်းပူပူတို့နှင့် နှစ်သက်သလို တွဲဖက်ပြီး သုံးဆောင်နိုင်တဲ့ ဆိတ်သားခဘတ် ခပ်စပ်စပ်လေး ရပါပြီ။
- ဆိတ်သားအစား အမဲသား သိုးသားတို့အပြင် ကြက်သားတို့နှင့်လည်း ဤနည်းအတိုင်း ချက်နိုင်ပါတယ်။
No comments:
Post a Comment