Thursday 8 July 2021

ငရုတ်သီး ဆီမွှေးသတ်နည်း










ဒီနေ့တော့ အလုပ်လေးလဲ နည်းနည်းအားနေတာနဲ့ ငရုတ်သီးပါတဲ့ ဟင်းတွေကို ချက်တဲ့အခါမှာ အဆင်သင့် ရလေအောင် ငရုတ်သီးကို ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း စပါးလင်တို့နဲ့ ရောကြိတ်ပြီး ဆီမွှေးသတ်ဖြစ်ပါတယ်။

အခုလို ဆီမွှေးသတ်ထားတော့ ကိုယ်အလုပ် မအားတဲ့ အခါမှာဘဲဖြစ်ဖြစ် ခပ်မြန်မြန် ချက်ချင်တဲ့ အခါမှာဘဲ ဖြစ်ဖြစ် အလွယ်တစ်ကူရသလို အဆင်သင့်လဲ ရပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ငရုတ်သီး ဆီမွှေးသတ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ငရုတ်သီး အစိမ်းမှုန့် - ထမင်းစားဇွန်း ငါးဇွန်း
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး အမွှာနှစ်ဆယ်
  4. ကြက်သွန်နီ - အနေတော် ခြောက်လုံး
  5. ချင်းတက် - နှစ်လက်မသာသာ
  6. စပါးလင် အနုပိုင်း - လေးပင်
  7. ဆီ - မုန့်လုပ်ရာတွင် ချင်တွယ်သောခွက် နှစ်ခွက်ခွဲ
ပြက်ဆင်ပုံ
  • ချင်းတက်ကို အခွံခွာပြီး ရေဆေးကာ မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူနှင့် ကြက်သွန်နီများကို အခွံခွာပြီး ရေဆေးထားပါ
  • စပါးလင်ကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးပေးကာ ညက်နေအောင် ထောင်းထားပါ
  • ကြက်သွန်နီကို ခပ်ကြမ်းကြမ်း လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဗလင်ဒါထဲမှာ ငရုတ်သီးမှုန့်နှင့်အတူ ထည့်ပေးပြီး ညက်နေအောင် ကြိတ်ပေးပါ
  • ဗလင်ဒါ မရှိပါက ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ညက်နေအောင် ရောထောင်းပေးပါ
  • ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့  ငရုတ်သီးထောင်းထားတာတွေကို ထည့်မွှေပေးပါ
  • ကြာကြာ အထားခံအောင်ရယ် ဆီသတ်နံ့ မွှေးလာစေရန်အတွက် မီးအနေတော်နှင့် မွလာတဲ့အထိ ဆီသတ်ပေးပါ
  • ငရုတ်သီးများ ဆီသတ်နေစဉ် အိုးမကပ်စေရန် မကြာမကြာ မွှေမွှေပေးပါ
  • ဆီသတ်ထားတာတွေ မွှေးပြီးမွမွလေး ဖြစ်လာပြီး ဆီပြန်လာပါက မီးပိတ်ပေးပါ
  • ဆီသတ်ထားသော ငရုတ်သီးဆီမွှေးများ အေးသွားပါက ဗူးထဲထည့်ပြီး ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပြီးခဲထားပါ
  • မိမိ အသုံးပြုကာနီးပါက ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှ ကျိုထုတ်ထားပြီး အသုံးပြုနိူင်ပါပြီ။


No comments:

Post a Comment