Thursday 15 July 2021

အညာသား ကျောကုန်း ( စလူမုန့် /မုန့်နီလေး)

 




မာမာတို့ ငယ်ငယ်က အခါကြီး ရက်ကြီးတွေမှာ လုပ်လေ့လုပ်ထရှိတဲ့ အညာသားကျောကုန်းတို့ အောက်သားဗိုက်ပူတို့ဆိုရင် တော်တော်များများက သိကြပါတယ်။

ဒါကြောင့်မို့လို့ ဒီနေ့တော့ အညာသားကျောကုန်းဆိုတဲ့ မုန့်လေးလုပ်ဖြစ်ပါတယ် ဒီမုန့်လေးက ညိုတိုတို နီတီတီလေးနဲ့ မို့လို့ အညာသားကျောကုန်းလို့ ခေါ်ကြသလို 

စလူဖက်နဲ့ ထုတ်ရတဲ့အတွက် စလူမုန့်လို့လဲ ခေါ်ကြပြီး မုန့်က နီညိုရောင်ဖက် သန်းနေတဲ့အတွက်လဲ တစ်ချို့က မုန့်နီလေးလို့ ခေါ်ကြပြန်ပါတယ်။

မာမာကတော့ စလူရွက် မရှိတဲ့အတွက် ငှက်ပျောရွက်နဲ့ ထုတ်ပြီး လုပ်ထားပါတယ် ငှက်ပျောရွက်လဲ အနည်းငယ်ဘဲ ရှိတဲ့အတွက် aluminium foil တစ်ထပ်ခံပြီး ထုတ်ထားပါတယ် ငှက်ပျောရွက် ပေါပေါများများရရင်တော့ ငှက်ပျောရွက် တစ်မျိုးထဲနဲ့ဘဲ ထုတ်စေချင်ပါတယ်။

စားရတာ အရမ်းကောင်းပြီး လုပ်ရတာ လွယ်ကူသလို ရိုးရာမုန့်လေး ဖြစ်တဲ့အတွက် လုပ်စားချင်တဲ့ အခါလုပ်စားရအောင် မာမာ ပြင်ဆင်ပြီး လုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  2. မုန့်လုပ်ထန်းလျှက်ခဲ  - တစ်ဆယ်သား (အချိုကြိုက်ပါက ပိုထည့်ပါ)
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးခွဲ ( ထန်းလျှက်ရည်ကျိုရန်)
  4. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. နေကြာဆီ - လိုသလောက် သုံးပေးပါ
  6. ငှက်ပျောဖက် - လိုအပ်သလောက် သုံးပေးပါ
  7. အုန်းသီးခြစ်ပြီးသား -မိမိနှစ်သက်သလောက်

ပြင်ဆင်ပုံ

  • ပထမဆုံး ငှက်ပျောဖက်တွေကို ရေဆေးသန့်စင်ပြီး အကြောပြေသည်အထိ ဆန်ကာတစ်ခုမှာတင်ပြီး ရေနွေးငွေ့နဲ့ ပေါင်းပေးပါ
  • အထက်ပါ နည်းအတိုင်း မလုပ်ချင်ပါက ရေဆေးသန့်စင်ပြီး နေပူပူမှာ လှန်းပေးပါ
  • အိုးတစ်လုံးထဲမှာ ထန်းလျှက်ခဲကို ရေထည့်ပြီး ထန်းလျှက်ခဲများ ပျော်သွားအောင် ကျိုပေးပါ
  • ထန်းလျှက်များ အရည်ပျော်သွားတာနဲ့ အမှိုက် သဲ ခဲများ မပါအောင် အဝတ်ပါးစလေးထဲထည့်ပြီး စစ်ထားပါ
  • စတီးဇလုံကြီးကြီး တစ်ခုထဲမှာ ကောက်ညှင်းမှုန့် ဆား ထန်းလျက်ရည်တို့ ထည့်ပေးကာ သမအောင်ရောနယ်ပေးပါ
  • ထန်းလျှက်ရည်ကို တစ်ခါထဲ မထည့်ဘဲ နည်းနည်းချင်းထည့်ပြီး မုန့်သားပျော့လာအောင် နယ်ပေးပါ
  • ကောက်ညှင်းဆန်မှုန့် သုံးဗူးဆိုရင် ထန်းလျှက်ရည် နှစ်ဗူးစာက အနေတော်ပါဘဲ
  • မုန့်သား အနေတော်လေး ရလာတာနဲ့ ဇလုံကို အဖုံးအုပ်ကာ ဆယ်မိနစ်ခန့် နှပ်ထားပေးပါ
မုန့်လုပ်ရန်
  • ပေါင်းထား နေလှန်းထားတဲ့ ငှက်ပျောဖက်ကို အနေတော်လေးတွေ ဖြတ်ပေးပါ
  • ပြီးတာနဲ့ ငှက်ပျောဖက်ကို နှစ်ထပ်ထပ်ပေးပြီး အတွင်းဖက်မှာ ထားမည့်အရွက်ကို ဆီခပ်ရွှဲရွှဲလေး သုတ်ပေးပါ
  • ဆီခပ်ရွှဲရွှဲလေး သုတ်ပေးမှ မုန့်ခွာတဲ့အခါ မကပ်မှာ ဖြစ်ပါတယ်
  • မုန့်ဒိုးသားကိုယူပြီး လက်ထဲမှာ ဆယ့်ငါးချက်လောက် ခပ်ပြင်းပြင်းလေး ဆုတ်ဆုတ်ပေးပါ
  • ပြီးတော့မှ ရှည်မျောမျော ပုံလေးလုပ်ကာ ငှက်ပျောဖက် အလယ်မှာ ထည့်ပေးပါ
  • မုန့်သားထည့်ပြီးတာနဲ့ ဘေးနှစ်ဖက်ကို မုန့်သားလုံသွားအောင် သေသေချာချာ အုပ်ပေးပါ
  • ဘေးနှစ်ဖက် အုပ်ပြီးတာနဲ့ အပေါ်ဖက်နှင့် အောက်ဖက်မှ အစနှစ်ခုကို ခေါက်ပြီးအုပ်ပေးပါ
  • ထိုနည်အတိုင်း မုန့်သားကုန်အောင် ထုတ်ပေးပါ
  • အားလုံး ထုတ်လို့ပြီးတာနဲ့ ပေါင်းခံဇကာထဲမှာ မုန့်ထုတ်လေးတွေ ပြည်မထွက်အောင် မှောက်လျှက်အနေအထား စီပြီးထည့်ပေးပါ
  • ပေါင်းအိုး အောက်ခံအိုးထဲမှာ ပေါင်းခံခုံကို မထိတထိ အနေအထားအထိ ရေထည့်ပေးပါ
  • ပေါင်းခံခုံပေါ်မှာ မုန့်ပေါင်းမည့် ဇကာကို တင်ပေးပြီး အဖုံးကို သေသေချာချာ အုပ်ပေးပါ
  • မိမိအသုံးပြုမည့် ပေါင်းအိုးအပေါ် မူတည်ပြီး မိနစ်နှစ်ဆယ်မှ မိနစ်သုံးဆယ်အတွင်း ပေါင်းပေးပါ
  • ပေါင်းထားတဲ့အချိန် ပြည့်သွားပါက ပေါင်းအိုးထဲမှ လေကုန်အောင် ထုတ်ပေးကာ အဖုံးကို ဖွင့်ပေးပါ
  • ပေါင်းပြီးပြီးချင်း အိုးထဲမှထုတ်ကာ အအေးခံပေးပြီးမှ စားပါ
  • ပူနေတုန်း စားပါက  စေးကပ်ကပ်နဲ့ စားရတာ အဆင်မပြေသလို မုန့်ရဲ့အရသာလဲ မပေါ်သေးပါဘူး 
  • အအေးခံပြီး တရက်လောက်နေမှ စားပါက ပိုပြီးစားလို့ကောင်းပါတယ်
  •  ကောက်ညှင်းနဲ့လုပ်တဲ့ မုန့်ဖြစ်တဲ့အတွက် တစ်ပါတ်လောက်အထိ အထားခံသလို စားရတာလဲ ပိုပြီးတော့ ကောင်းလာပါတယ်
  • ကိုက်အလိုက်ရင် ထုတ်ထုတ်နဲ့ စားလို့အရမ်းကောင်းတဲ့ အညာသားကျောကုန်း မုန့်လေးကို အုန်းသီးမှုန့်လေးလူးကာ စားသုံးနိူင်ပါပြီ။

No comments:

Post a Comment