Monday 19 July 2021

ငပိရည်ဖျော် မွှေးမွှေးလေး

 






COVID 19 တတိယလှိုင်း ဖြစ်လာထဲက မာမာ ဈေးကိုမသွားဖြစ်တော့ပါဘူး အိမ်မှာရှိတဲ့ အခြောက်အခြမ်း ဟင်းရံလေးတွေကို အဆင်ပြေအောင် ပြင်ဆင်ပြီး ချက်နေပါတယ်။

ဒါကြောင့်မို့လို့ ဒီနေ့တော့ စပ်ပေ့ဆိုတဲ့ ငရုတ်သီးတွေကိုသုံးပြီး ငါးပိရည် စပ်စပ်မွှေးမွှေးလေး ဖျော်ထားပါတယ် သခွားသီး မုံလာဥဖြူ ချဉ်ပါတ်လေးနဲ့ စားပါမယ်။

ငါးပိရည် တစ်ခါကျိုတိုင်း အိမ်ထဲမှာ ကျန်နေတတ်တဲ့ အနံ့တွေက လေလုံတဲ့ အိမ်တွေမှာ တော်တော်နဲ့ မပျောက်တတ်တဲ့အတွက် မာမာကတော့ တစ်ခါကျိုရင် ခပ်များများလေးကျိုပြီး လေလုံဗူးလေးတွေထဲ ထည့်ထားကာ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ထားပြီး သိမ်းထားတတ်တာမို့လို့ ဒီတစ်ခါလဲ ငါးပိရည် မွှေးမွှေးလေးနဲ့ ငါးပိရည်ဖျော် မွှေးမွှေးစပ်စပ်လေးရဲ့ ဖျော်စပ်ပုံလေးကို မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
ငါးပိရည်ကျိုရန်
  1. ငါးပိရည်ကျိုရန် ငါးငပိ - နှစ်ဆယ်သား (ငါးရံ့ငါးပိကို သုံးထားပါတယ်)
  2. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်မရှိတစ်ရှိ
  4. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၄ဗူးခွဲသာသာတို့ကို ဇောက်နက်သော အိုးတစ်လုံးထဲ ငါးပိနှင့် အတူတူထည့်ပေးပြီး ဆယ်မိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပါ
  5. ငါးပိရည် ရပါက အရိုးများစစ်ကာ ငါးပိရည်ကို ပန်းကန်လုံး တစ်လုံးထဲသို့  ပြောင်းထည့်ထားပါ။

ဖျော်စရာထောင်းရန် ပါ၀င်ပစ္စည်းများ
  1. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  2. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၁၁မွှာ
  3. ကြက်သွန်နီ - အနေတော် သုံးလုံး
  4. ငရုတ်သီး အလှော်မှုန့် - မိမိနှစ်သက်သလောက်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ အိုးအသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာတဲ့အထိ  ထည့်လှော်ပေးပါ
  • ကြက်သွန်နီကိုလဲ အခွံခွာပြီး ရေဆေးကာ အိုးအသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာတဲ့အထိ  ထည့်လှော်ပေးပါ
  • ငရုတ်သီးစိမ်းကိုလဲ အညှာခြွေပြီး ရေဆေးကာ အိုးအသားထူသော ဒယ်အိုးထဲမှာ ကျွမ်းယောင်သန်းတဲ့လာတဲ့အထိ လှော်ပေးပါ
  • ပြီးတာနဲ့ ငရုတ်သီးစိမ်း ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ငရုတ်ဆုံထဲထည့်ပြီး မညက်တစ်ညက်လေး ထောင်းပေးပါ
  • အားလုံးအဆင်သင့် ဖြစ်ပါက ငါးပိရည် ပန်းကန်ထဲမှာ ပါ၀င်ပစ္စည်းများကို  ရောထည့်ကာ အားလုံးသမသွားအောင် ရောဖျော်ပေးပါ
  • ငါးပိရည်အဖျော် ရတာနဲ့ တစ်ခါစားစာ ချန်ထားပြီး ပိုနေသော ငါးပိရည်ဖျော်များကို လေလုံဗူးများနှင့်ထည့်ကာ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပြီးသိမ်းထားပါ
  • ငါးပိရည် အဖျော်မွှေးမွှေး စပ်စပ်လေးနဲ့ အရသာရှိလှတဲ့ ငါးပိရည်ဖျော်လေးကို တို့စရာအစုံနှင့် မြိန်ယှက်စွာ စားသုံးနိုင်ပါပြီ။

No comments:

Post a Comment