Wednesday 28 July 2021

ငှက်ပျောဖူးကြော်

 



ငှက်ပျောဖူးလေးတွေ ဝယ်လာပြီး ဘာလုပ်စားရပါ့မလဲ စဉ်းစားနေမိရင်းက ချဉ်ငံစပ်လေး ကြော်ဖြစ်ပါတယ် ထမင်းစားလို့ မြိန်စေတဲ့ ဟင်းလေးတစ်မယ် ဖြစ်ခဲ့တဲ့အတွက် မာမာ ချက်ဖြစ်တဲ့ ငှက်ပျောဖူးဆေးနည်းနဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. ငှက်ပျောဖူး  - အနေတော် တစ်ဖူး
  2. ငရုတ်သီးစိမ်း - နှစ်သက်သလောက် 
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ကြက်သွန်ဖြူ - နှစ်မွှာ
  5. စပါးလင် - တစ်လက်မခန့် လေးချောင်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ (ငှက်ပျောဖူး ချက်ရန်)
  7. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  8. မန်ကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက် (ငှက်ပျောဖူး ပြုပ်ရန်)
  9. ဗနီကာ - ထမင်းစားဇွန်း နှစ်ဇွန်း (ငှက်ပျောဖူးဆေးရန်)
  10. သံပုရာသီး - နှစ်လုံး (ငှက်ပျောဖူးဆေးရန်)
  11. ဆား - ထမင်းစားဇွန်း - တစ်ဇွန်း (ငှက်ပျောဖူးဆေးရန်)

ငှက်ပျောဖူးဆေးရန်

  • ငှက်ပျောဖူးမှ ရင့်နေသော အဖတ်များကို ဖယ်ပေးပါ
  • ငှက်ပျောဖူးမှ ရင့်နေသောအဖတ်များ ကုန်သွားပါက ဓါးပြတ်ပြတ်နှင့် ထက်ဝက်ခြမ်း လှီးပေးပါ
  • ငှက်ပျောဖူးမှ အစေးများ အကုန်နီးပါး ထွက်သွားစေရန် ဆားထမင်းစားဇွန်း နှစ်ဇွန်းနှင့် သံပုရာသီးနှစ်လုံးမှ ညှစ်ထားသော သံပုရာရည်နှင့် ဗနီကာတို့ထည့်ကာ လှီးထားသော ငှက်ပျောဖူးတို့နှင့် ရောပြီး ခပ်နာနာ နယ်ပေးပါ
  • ငှက်ပျောဖူးများ အစေးများ ကုန်သွားစေရန် ရေ ၅ထပ်လောက် ဆေးပေးပါ

ပြင်ဆင်ပုံ

  • ဆေးထားသော ငှက်ပျောဖူးကို ရေမြုပ်အောင် ထည့်ပေးကာ နူးနေအောင် ပြုပ်ပေးပါ
  • ပြီးတာနဲ့ ပြုပ်ထားသော အရည်များ သွန်ပေးကာ ရေစစ်ထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးကာ ခပ်ပါးပါး လှီးပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးပြီး အနေတော် ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
  • စပါးလင်ကို ရေဆေးပြီး ထုထားပါ
  • ဆီကိုအပူပေးပြီး နနွင်းမှုန့်ထည့်ပါ
  • ဆီပူလာတာနဲ့ စပါးလင် ငရုတ်သီးစိမ်း ကြက်သွန်ဖြူ နှင့် ကြက်သွန်နီကို မွှေးလာအောင် ထည့်ကြော်ပါ
  • ပြီးတာနဲ့ ငှက်ပျောဖူးကို ထည့်ကြော်ပေးပါ
  • ငှက်ပျောဖူး အနည်းငယ် နွမ်းတာနဲ့ ဆားနှင့် အရသာမှုန့်တို့ကိုထည့်ပြီး ကြော်ပေးပါ
  • အရသာ သမသွားတာနဲ့ လိုသလို ပြင်ပေးပြီး မီးပိတ်ပေးပါ
  • ထမင်းစား မြိန်စေမဲ့ ငှက်ပျောဖူး ချဉ်ငံစပ်ကြော် နူးနူးအိအိလေးကို သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment