Tuesday 13 July 2021

ချဉ်ငံစပ် သခွားသီးသုပ်



ဒီနေ့တော့ သခွားသီးတွေ ဝယ်ထားတာ တစ်ပါတ်လောက် ရှိနေပြီဖြစ်လို့ ပုဇွန်သေးသေးလေးတွေကို လှော်ကာ တောသုပ်လေး သုပ်ဖြစ်ပါတယ်။

သခွားသီးသုပ် သုပ်တဲ့အခါ မာမာကတော့ မာမာ့အမေ သုပ်တဲ့နည်းအတိုင်း ငါးပိရည်ဖျော် ကောင်းကောင်းလေးနဲ့ သုပ်ရတာကို ပိုပြီးတော့ ကြိုက်ပါတယ်။

ဒါကြောင့်မို့လို့ ဒီတစ်ခါတော့ မာမာက ငါးပိရည်ကျိုကို ပုဇွန်သေးသေးလေးတွေလှော်ကာ ကြက်သွန်ဖြူမီးကင် ငရုတ်သီးစိမ်းမီးကင်လေးတွေနဲ့ ထောင်းပြီး အဖျော်လုပ်ထားပြီး သခွားသီးသုပ်ဖို့ ပြင်ထားပါတယ်။

ဒါကြောင့်မို့လို့  မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ ချဉ်ငံစပ် သခွားသီးသုပ် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. သခွားသီး အလုံးကြီးကြီး - တစ်လုံး (တစ်ကီလိုခွဲခန့်)
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ပင်စိမ်းရွက် - နှစ်သက်သလောက်
  4. ပုဇွန်အကောင်သေး - အကောင်သုံးဆယ်ခန့်
  5. ငါးပိရည်ကျိုပြီးသား - တရုတ်ဟင်းရည်သောက်ပန်းကန် တစ်ဝက်သာသာ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက်ထည့်ပါ
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာ
  9. ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  10. ပင်စိမ်းရွက် - နှစ်သက်သလောက်ထည့်ပါ
  11. သံပုရာသီး - တစ်လုံး
ပြင်ဆင်ပုံ
  • သခွားသီးကို အခွံခွာပြီး အစေ့များ မပါအောင် သခွားသီး အပြင်ဖက်မှစပြီး ခြစ်နှင့် ခြစ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ပင်စိမ်းရွက်ကို ရေဆေးထားပါ
  • သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ စိတ်ထားပါ
  • ပုဇွန်ကိုရေဆေးပြီး ပုဇွန်အခွံ ပုဇွန်ခေါင်းနှင့်အမြှီးများ ဖယ်ပေးပါ
  • ပြီးတာနဲ့ ဒယ်အိုးထဲမှာ ပုဇွန်ကို ရေမြုပ်အောင်ထည့်ပေးကာ ရေခမ်းတဲ့အထိ လှော်ပေးပါ 
  • ကြက်သွန်ဖြူကို မီးကင်ပြီး အခွံခွာကာ ရေဆေးထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးကာ မီးကင်ထားပါ
  • ငါးငပိရည်ကို ကျိုပေးပြီး အရိုးစစ်ထားပါ
  • အဆင်သင့် ဖြစ်တာနဲ့ ပုဇွန်လှော် ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကို မညက်တစ်ညက် အနေအထားရအောင် ထောင်းပေးပါ
  • ပြီးတာနဲ့ ငါးပိရည်ပန်းကန်ထဲကို ငရုတ်သီး အလှော်မှုန့်  ပုဇွန်ထောင်းနှင့် အရသာမှုန့်တို့ထည့်ပြီး ဖျော်ပေးပါ။
သခွားသီးသုပ်ပုံ
  • ဇလုံကြီးကြီးထဲမှာ ခြစ်ထားသော သခွားသီး သံပုရာရည် ကြက်သွန်နီ ပင်စိမ်းရွက်နှင့် ငါးပိရည်ဖျော် တို့တို သင့်သလို ထည့်ပေးပြီး အရသာ မျှတအောင် နယ်ပေးပါ
  • ပိုနေသော ငါးပိရည်ဖျော်တို့ကို ထမင်းဝိုင်းမှာ တို့စရာနှင့် စားလို့ရအောင် ပြင်ပေးနိူင်ပါတယ်
  • အရသာ နယ်ပြီးတာနဲ့ အရသာ မြည်းပေးပြီး မိမိလိုအပ်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
  • ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းသလို ဒီအတိုင်းစားရင်လဲ အရမ်းကောင်းလွန်းတဲ့ သခွားသီးသုပ် ချဉ်ငံစပ်လေးကို သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment