Saturday 10 July 2021

ငါးသေတ္တာ ချဉ်ရည်ဟင်း




အခုရက်ထဲ ချဉ်ရည်ဟင်းလေးတွေ စားချင်စိတ်ထဲမှာ ပေါ်ပေါ်လာတဲ့အတွက် ဒီနေ့တော့ မုံလာဥနီ သေးသေးလေးတွေရယ်  မုန့်ညှင်းစိမ်းလေးတွေရယ် ဝါးဘိုးမျှစ်လေးတွေရယ်ကို ရောကာ ငါးသေတ္တာနဲ့ ချဉ်ရည်ဟင်းလေး တစ်မယ် ချက်ပါတယ် ချဉ်ရည်ဟင်းနဲ့ လိုက်ဖက်လွန်းတဲ့ က ကတစ် ငါးသေးသေးလေးတွေကို ငါးဆားနယ်လေးလုပ်ကာ ငရုတ်သီး စပ်စပ်လေးနဲ့ ကြော်ထားပါသေးတယ်။

ချဉ်ငါးရည်ဟင်းက ငါးသေတ္တာ အနံ့ မွှေးမွှေးလေးနဲ့ မို့လို့  အရမ်းကြိုက်လွန်းတဲ့အတွက် ဒီနေ့တော့ ထမင်းစားလို့ မြိန်အုံးမှာပါ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။။

ပါဝင်ပစ္စည်းများ
  1. မုံလာဥနီ - ဆယ်ပင်ခန့်
  2. မုန့်ညှင်းစိမ်း - သုံးပင်
  3. ဝါးဘိုးမျှစ်နု ပြုပ်ပြီးသား - ငါးပင်ခန့်
  4. ရှမ်းနံနံရွက် - ၇ ရွက်ခန့်
  5. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  6. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  7. ချင်း - လက်တဆစ်ခန့်
  8. ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  10. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  11. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  12. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  13. မန်ကျည်းသီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  14. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  15. ငါးသေတ္တာ - ဗူးအသေး တစ်ဗူး

ပြင်ဆင်ပုံ
  • မုံလာဥ အပင်လေးများကို ထက်ဝက်ပိုင်းပြီး ရေဆေးပါ
  • မုံလာဥလေးများကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • မုန့်ညှင်းစိမ်းကို သင့်သလိုလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • မျှစ်နုပြုပ်ပြီးသားကို ရေဆေးပြီး  အစိတ်လေးတွေ လှီးထားပါ
  • ရှမ်းနံနံကို ရေဆေးပြီး ရေစစ်ထားပါ
  • ငါးသေတ္တာဗူးကို အဖုံးဖွင့်ထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်ထည့်ပြီး ညက်နေအောင် ထောင်းထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပိဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
  • ဇောက်နက်သော အိုးထဲမှာ မုံလာရွက်များ မုံလာဥများ မုန့်ညှင်းစိမ်းရွက်များ လှီးထားသော မျှစ်များ နနွင်းမှုန့် ဆား ငါးငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးမှုန့် ကြက်သွန်ဖြူ  ကြက်သွန်နီနှင့် ချင်းထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး လုံးရည် ရေဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  • အရွက်များ တော်တော်လေး နွမ်းလာတာနဲ့ အဆင်သင့် ပြင်ထားသော ငါးသေတ္တာကိုထည့်ကာ  ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  • ရေပွက်ပွက်ဆူကာ အရွက်များ နူးလာပါက မန်ကျည်းသီးမှည့် အနှစ်ထည့်ပြီး ရေကို တစ်မိနစ်လောက် ထပ်ဆူအောင်ထားလိုက်ပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ရှမ်းနံနံရွက် အုပ်ပေးပြီး မီးပိတ်ပေးပါ
  •  ထမင်းမြိန်စေတဲ့ မျှစ်မုန့်ညှင်းစိမ်း ချဉ်ငံစပ် ငါးသေတ္တာ အရသာ မွှေးလွန်းတဲ့ ချဉ်ရည်ဟင်း ပူပူလေးကို ရပါပြီ။

No comments:

Post a Comment