Wednesday 14 July 2021

တာလပေါ့ဟင်း

 



ဒီနေ့တော့ မာမာ့အိမ်မှာ အလွယ်တကူ ရှိနေတဲ့ အသီးအရွက်တွေနဲ့ခရုလေးတွေရောပြီး တာလပေါ့ဟင်းလေး ချက်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ တာလပေါ့ဟင်း ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ခရု ပြုပ်ပြီးသား - မိမိနှစ်သက်သလောက်
  2. မျှစ်စိမ်း - တရုတ်ဟင်းပြင် ပန်းကန်အသေး တစ်လုံးစာ
  3. ဒညင်းသီး - ဆယ့်ငါးလုံး
  4. ပဲတောင့်ရှည် - ၃တောင့်
  5. ဆူးပုတ်ရွက် - အနည်းငယ်
  6. ပင်စိမ်းရွက် - အနည်းငယ်
  7. ရွှေပဲရွက် - လက်တစ်ဆုတ်စာာ
  8. စပါးလင် - ၃ချောင်း
  9. ချင်း - လက်တစ်ဆစ်ခန့်
  10. ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  11. ဆန်လှော်မှုန့် - ထမင်းစားဇွန်း ၃ဇွန်း
  12. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  13. ငါးငပိရေကျို - ထမင်းစားဇွန်းသုံးဇွန်းစာ
  14. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  15. ဆီ - ထမင်းစားဇွန်း လေးဇွန်း

ပြင်ဆင်ပုံ
  • မျှစ်အစိမ်းကို သင့်သလိုလှီးပြီး မျှစ်ထဲမှ အပူအစပ်များ ထွက်သွားအောက် နာရီ၀က်လောက် ပြုပ်ထားပါ
  • မျှစ်ပြုပ်ပြီးသားကို အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးစိတ်ကွဲ အဖတ်လေးများ ရအောင်လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးထားပါ
  • စပါးလင်၂ချောင်းကို ရေဆေးပြီး ခပ်ရိတ်ရိတ် လှီးထားပါ
  • ကျန်နေသော စပါးလင်တ စ်ချောင်းကို ထုထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်ရိတ်ရိတ် လှီးထားပါ
  • ဒညင်သီးကို နူးနေအောင် ပြုပ်ထားပါ
  •  အခွံခွာပြီး အနေတော်လှီးကာ ရေဆေးထားပါ
  • ပဲသီးကို ရေဆေးပြီ အနေတော်လေးတွေ လှီးထားပါ
  • ပင်စိမ်းရွက်နှင့် ရွှေပဲရွက်ကို ရေဆေးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး အနေတော် လှီးပေးထားပါ
  • ငါးငပိရေကျိုကို ဇလုံထဲမှာထည့်ပြီး ရေနွေးပူပူနဲ့ ခလောက်ထားပါ
  • ဆား အချိုမှုန့် ဆီတို့ကို ပြင်ထားပါ
  • ဆန်ကို ရေမြုပ်အောင်ထည့်ပြီး နူးလာတဲ့အထိ ရေစိမ်ထားပါ
  • ဆန်စေ့များ နူးလာတာနဲ့ ညက်နေအောင် ထောင်းထားပါ
  • ခရုများကို ရေဆေးထားပါ
ဟင်းရည်ချက်ရန်
  • ဇောက်နက်သော အိုးတလုံးမှာ ဆီကို အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း စပါးလင်တို့ကို ထည့်ပြီး ဆီသတ်ပါ
  • ကြက်သွန်များ နွမ်းတာနဲ့ ခရု ဆူးပုတ်ရွက် ရွှေပဲရွက် ငရုတ်သီးစိမ်း ပင်စိမ်းရွက်တို့ ချန်ကာ ကျန်အသီးအရွက်များ ထည့်ပြီး ဆီသတ်ပါ
  • အသီးအရွက်များ နွမ်းတာနဲ့ ဆား အချိုမှုန့် ငါးပိအရည်ဖျော်တို့ကို ထည့်မွှေကာ ရေမြုပ်အောင်ထည့်ပြီး ဆူပွက်အောင် တည်ပေးပါ
  • ဟင်းရည်ဆူလာတာနဲ့ ခရုများကို ထည့်ကာ တစ်မိနစ်လောက် တည်ပေးပါ
  • ပြီးတာနဲ့ အရည်ဖျော်ထားသော ဆန်မှုန့်ကိုထည့်ကာ သမအောင်မွှေပါ
  • ဆန်မှုန့်များ ပျစ်လာတာနဲ့ ရေကို လိုသလောက် အနေအထား ရအောင်ပြင်ပြီး ငရုတ်သီးစိမ်း ရွှေပဲရွက် ဆူးပုတ်နှင့် ပင်စိမ်းရွက်တို့အုပ်ကာ အရသာမြည်းပြီး လိုသလိုပြင်ကာ မီးပိတ်ပေးပါ
  • ပူစပ်ပူလောင် မွှေးပြီးချိုနေတဲ့ တာလပေါ့ဟင်း ရပါပြီ
မှတ်ချက်
ခရုအစား ပုဇွန် ခရုဖင်ချွန် ခရုမျက်ပြဲ ဂဏန်း အသား ငါးမျိုးစုံတို့နဲ့ အဆက်ပြေစွာ ချက်နိူင်ပါတယ်
အသီးအရွက်များကိုလဲ နှစ်သက်ရာ အသီးအရွက်တို့ကို အဆင်ပြေသလို ထည့်နိူင်ပါတယ်။

တစ်နေရာနှင့်တစ်နေရာ ချက်ပြုပ်ပုံ မတူနိူင်တဲ့အတွက် အခြေခံ ပါ၀င်ရမည့် ဆန်မှုန့် မျှစ်စိမ်း ပုဇွန်ငါးပိတို့ကို အခြေခံပြီး အဆင်ပြေသလို ချက်နိူင်ပါတယ်။

No comments:

Post a Comment