Tuesday 27 July 2021

ငါးဖယ် ငဆုတ်ကြော်







ဒီနေ့တော့ ငါးဖယ်ခြစ်ကို အထပ်လိုက်လေးတွေရပြီး  စားလို့ကောင်းအောင် ငရုတ်ဆုံထဲထည့်ပြီး အချက် ၂၀၀၀လောက် စိတ်ရှည်လက်ရှည်နဲ့ ထောင်းထားပါတယ်။

ဗလင်ဒါထဲ ထည့်ပြီးကြိတ်မယ် ဆိုရင်တော့ တစ်မိနစ်ကြိတ် တစ်ခါနားပြီး ၁၀ခါလောက် ကြိတ်ပေးရင် ရပါတယ် ငါးဖယ်ငါးဆုပ်ကြော်လေး ရပြီဆိုရင်တော့ အာပူလျှာပူ ချက်သောက်မလား မုန့်ဟင်းခါးနဲ့ စားမလား အုန်းနို့ခေါက်ဆွဲနဲ့ စားမလား ဒီအတိုင်း သုပ်စားမလား ငါးဆုပ်အစာသွပ် လုပ်စားမလား ဆီပြန်လေးပြန်ချက်မလား မျိုးစုံအောင် လုပ်စားနိူင်တဲ့ ငါးဖယ်အစစ် ငါးဆုတ်လေး ရမှာဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ငါးဖယ်ခြစ် - 500 g
  2. ချင်း - လက်တဆစ်ခန့်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ငါးဖယ်ခြစ်ထဲထည့်ရန်)
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ (ဆီအိုးထဲထည့်ရန် )
  8. ဆီ - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးထားပါ
  • ငရုတ်ဆုံကြီးကြီးထဲမှာ ငါးဖယ်ခြစ် ကြက်သွန်ဖြူ ချင်း ဆား ဟင်းချိုမှုန့် နနွင်းမှုန့်တို့ထည့်ပေးပြီး စိတ်ရှည်လက်ရှည် ထောင်းပေးပါ
  • ငရုတ်ဆုံထဲမှာ ထည့်မထောင်းပါက အားလုံကိုရောပြီး ဗလင်ဒါထဲမှာ တစ်မိနစ်ကြိတ်လိုက် တစ်ခါနားလိုက် ၁၀ခါလောက်ထည့်ပြီး ကြိတ်ပေးပါ

ငါးဆုတ်ကြော်ရန်
  • ကြိတ်ပြီးသား ( သို့ ) ထောင်းပြီးသား ငါးဖယ်ခြစ်ကို အရင်ဆုံး လက်ကိုရေစွတ်ပြီး ကိုယ်နှစ်သက်တဲ့ ပုံစံလေးများ ရအောင် ငါးအသားကုန်တဲ့အထိ တစ်လုံးခြင်း ဆုတ်ထားပေးပါ
  • ဒယ်အိုးတစ်လုံးကို အပူပေးပြီး အိုးပူလာမွ ဆီနှင့် နနွင်းမှုန့်ကိုထည့်ပြီး မီးကိုအနည်းငယ် လျှော့ပေးပါ
  • ငါးဆုတ်လုံး မကိုင်ခင် လက်ကိုရေစွတ်ပြီး လက်ကိုအနည်းငယ် ခါပေးပြီးမှ ဆုတ်ထားသော ငါးဆုတ်ကို ငါးချက်လောက် ထပ်ပြီးဆုတ်ပြီးမှ ဆီအိုးထဲကို တစ်လုံးချင်းထည့်ပြီး ကြော်ပေးပါ
  • ကြော်​နေစဉ် အကျက်ညီစေရန် ငါးဆုတ်လုံးကို အထက်အောက် လှန်လှန်ပေးပါ
  • ငါးဆုတ်လုံး တစ်ခုလုံး ရွှေဝါရောင်သန်းပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားတာနဲ့ အလွှာအထပ်လေးတွေ ရပြီး ထုတ်ထုတ် ထုတ်ထုတ်နဲ့ စားလို့ကောင်းပြီး မွှေးကြိုင်နေတဲ့ ငါးဖယ်ငဆုတ်လေးတွေ ရပါပြီ။

No comments:

Post a Comment