Sunday 4 July 2021

ငါးခူ မုန့်ဟင်းခါး ဟင်းဝါလေး ငါးဆီသတ်နည်း












ဒီနေ့တော့ မုန့်ဟင်းခါးချက်ဖို့ ငါးခူနဲ့ ငါးဆီသတ်ထားပါတယ် အရင်ဆီသတ်နည်းတွေလို ငရုတ်သီး မထည့်ဘဲ အဝါရောင်လေးဘဲ ဆီသတ်ထားပါတယ် အဝါရောင်လေး ဆီသတ်ထားတော့ ငရုတ်ကောင်း မုန့်ဟင်းခါး ချက်တဲ့အခါ အရမ်းကို အဆင်ပြေပါတယ်။

မာမာကတော့ မုန့်ဟင်းခါးဆို ဘယ်လိုလေးဘဲ ချက်ချက် အရမ်းကြိုက်တဲ့ အစားအသောက်တွေထဲမှာ ပါတဲ့အတွက် စားချင်တဲ့အချိန် အဆင်သင့် ရလေအောင် မာမာပြင်ဆင်ပြီး ငါးဆီသတ်ထားတဲ့ ဟင်းဝါလေး ငါးဆီသတ် နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ငါးပြုပ်ရန်ပါ၀င်ပစ္စည်းများ
  1. ငါးခူ - တစ်ကီလို
  2. ငါးငံပြာရည် - ထမင်းစားဇွန်း ရှစ်ဇွန်း
  3. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း (ငါးပြုပ်ထဲထဲ့ရန်)
  4. ဆား - ထမင်းစားဇွန်း နှစ်ဇွန်း (ငါးဆေးရန်)
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ငါးဆေးရန်)
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ငါးပြုပ်ရန်)
  7. စပါးလင် - လေးပင်
  8. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူး (ငါးပြုပ်ရန်)
ငါးပြုပ်ရန် ပြင်ဆင်ပုံ
  • ငါးမှာရှိတဲ့ ဆူးတောင် ခေါင်း ငါးရဲ့ဆူးတောင်အောက်နားက အသားထဲမှာရှိတဲ့ အညှိလုံးနှင့် ဗိုက်ထဲမှ အစာအိတ်များ ဖယ်ပေးပါ
  • ငါးကို မလိုတာတွေ ဖယ်ပြီးတာနဲ့ ဇလုံတစ်လုံးထဲမှာ နနွင်းမှုန့် ငါးနှင့်ဆားကို ထဲ့ပေးပြီး ခပ်နာနာလေး နယ်ပေးပါ
  • ငါးမှာကပ်နေတဲ့ အကျိအချွဲများ ကုန်သွားတဲ့အထိ စိတ်ရှည်ရှည်နဲ့ နယ်ပေးပါ
  • ပြီးတာနဲ့ ငါးမှာကပ်နေတဲ့ အကျိအချွဲများ ကုန်သွားအောင် ရေနိူင်နိူင် ဆေးပေးပါ
  • စပါးလင်ကို ရေစင်အောင်ဆေးပြီး ခပ်ကြမ်းကြမ်း ထုပေးကာ ထုံးပေးထားပါ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာ ငါးခူ ဆား နနွင်းမှုန့် စပါးလင် ငါးငံပြာရည်နှင့် ငါးမြုပ်အောင်ရေထည့်ပြီး ပြုပ်ပေးပါ
  • ငါးများနူးလာပါက မီးပိတ်ပြီး အအေးခံပေးပါ
  • ငါးကို အေအးခံထားကာ အေးလာပါက ငါးကို  အရိုးအသား သတ်သတ်စီ ထွင်ထားပေးပါ
  • ငါးခူရဲ့ အရည်ခွံများကို မသုံးချင်ပါက ဖယ်ပြီးလွှင့်ပလိုက်ပါ
  • မာမာကတော့ ငါးခူအရည်ခွံလေးတွေက မုန့်ဟင်းရည်ကို မွှေးစေတဲ့အတွက် ယူထားပါတယ်
  • ငါးပြုပ်ရည်နှင့် စပါးလင်ကို ပြန်သုံးရန်အတွက် ဖယ်ထားပါ
ငါးဆီသတ်ရန် ပြင်ဆင်ပုံ

ငါးဆီသတ်ရန် ပါဝင်ပစ္စည်းများ
  1. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  2. ကြက်သွန်နီ - ခပ်ကြီးကြီး သုံးလုံး
  3. ကြက်သွန်နီ - အနေတော် သုံးလုံး
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာ 
  5. ချင်း - နှစ်လက်မခန့် 
  6. စပါးလင် - အရင်းပိုင်း ငါးချောင်းခန့် 
  7. ဆီ - နှစ်ဆယ်သားခန့် 
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း 
  9. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း (ငါးဆီသတ်ရန်)
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း ( ငါးဆီသတ်ရန်)

ငါးဆီသတ်ရန်
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ကြက်သွန်နီ အနေတော်ကို သုံးလုံးကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • ကြက်သွန်နီ အလုံးကြီးကြီး သုံးလုံးကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးထားပါ
  • စပါးလင်ကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပြီး ညက်နေအောင် ထောက်းထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ငါးပြုပ်ပြီးသားနှင့် ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ လှီးထားသော ကြက်သွန်နီနှင့် ထောင်းပြီးသားတို့ကိုထည့်ပြီး ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးပြီး ဆီသတ်ထားတာ မွလာတာနဲ့ ငါးအသားများ အရသာမှုန့် ငါးငံပြာရည်ကိုနှင့် ဆားတို့ကို ထည့်ပေးပါ
  • ငါးအသားကို အိုးမကပ်စေရန် မကြာမကြာ မွှေမွှေပေးပြီး ဆီသတ်ပေးပါ
  • ဆီသတ်ထားသော အိုးထဲမှာ ငါးအသားများ မွလာကာ ဆီပြန်လာတာနဲ့ မီးပိတ်ပြီး မီးဖိုပေါ်က ဖယ်ကာ အအေးခံပေးထားပါ
  • ငါးဆီသတ်ထားတာ အေးသွားပါက လေလုံဗူးလေးများနှင့်ထဲ့ပြီး အဖုံးလုံအောင် ပိတ်ပေးကာ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ သိမ်းထားပါ
  • မုန့်ဟင်းရည် ချက်ခါနီးပါက နှစ်နာရီလောက် ကျိုထုတ်ထားပြီး မိမိလိုသလောက် ယူပေးကာ ဟင်းရည်ချက်ဖို့ ပြင်ပေးနိူင်ပြီ။

No comments:

Post a Comment