Monday, 1 January 2018

အမဲသားချဉ် ဆီပြန်ဟင်း










ဒီနေ့တော့ အမဲသားကို အချဉ်ထည့်ကာ ဆီပြန်ဟင်းလေး ချက်ဖြစ်ပါတယ် အမဲချဉ်ဟင်းက ရွာမှာနေစဉ် ငယ်ငယ်က မကြာခန စားရတဲ့ဟင်းလေးပါ အမဲချဉ်ထည့်မယ်ဆိုရင်တော့ အဆီအသား အရွတ်တွဲနေတဲ့အသားက ပိုပြီး စားလို့ကောင်းပါတယ်။
မစားဖူးတဲ့သူတွေအတွက် အသစ်အဆန်းလေးဖြစ်သလို စားဖူးသူတွေကတော့ လျှာလည်နေကြပါလိမ့်မယ် ဒါကြောင့်မို့ အမဲချဉ်ချက်နည်းနဲ့ ထည့်နည်းလေး မျှဝေလိုက်ပါတယ်။

အမဲချဉ်ချက်တဲ့အခါ အနှစ်များများရလေအောင် မာမာကတော့ အသားထူပြီး အချဉ်ပေါ့တဲ့ ခရမ်းချဉ်သီးလေးတွေကို သုံးထားပါတယ် အနှစ်များများ သိပ်မကြိုက်ရင်တော့ မထည့်လဲ ရပါတယ်ရှင်။

အမဲချဉ်လုပ်ရန် ပါဝင်ပစ္စည်းများ

  • အမဲသား - 500g
  • ချက်ပြီး အအေးခံထားသော ထမင်းအမာ - 400g (မနက် ပုဇွန်ချဉ်လုပ်မယ်ဆို ညထဲက ချက်ထားပါ)
  • ဆားကြမ်း - 100g (အငံမကြိုက်လျှင် 80g လောက်ဘဲထည့်ပေးပါ)
ပြင်ဆင်ပုံ
  1. အမဲသားကို အတုံးလိုက် ရေဆေးပြီး ရေစစ်ထားပေးပါ
  2. ရေဆေးပြီး ရေစစ်ထားသော အမဲသားကို ရေခြောက်သွားအောင် paper towel နှင့် ဖိဖိပြီး သုတ်ပေးပါ
  3. ရေခြောက်တာနဲ့ စဥ့်နီတုံး သန့်သန့်ပေါ်မှာ ပုံပါအတိုင်း အတုံးလေးတွေ လှီးပေးပါ
  4. ပြီးတာနဲ့ လက်ကို သန့်အောင်ရေဆေးပြီး ရေအခြောက်ခံကာ ပါဝင်ပစ္စည်းများ အားလုံးကို ဇလုံတလုံးထဲထည့်ပြီး နယ်ပေးပါ
  5. နယ်ပြီးတာနဲ့ သန့်ရှင်းသော ပလစတစ်အိတ်ထဲကို ထည့်ပေးပါ
  6. ထည့်ပြီးတာနဲ့ ကျစ်နေအောင် ထုတ်ပြီး သရည်ကွင်းနှင့် အထပ်ထပ် စည်းပေးပါ
  7. ကျစ်လစ်နေသော အထုတ်ရတာနဲ့ ဇလုံတလုံးထဲထည့်ကာ အပေါ်ကနေ အလေးတခုခုနှင့် ဖိပေးထားပါ
  8. အလေးဖိတဲ့ နေရာမှာလဲ တော်တော်လေး လေးသောအရာကို အသုံးပြုပေးပါ 
  9. ပြီးတာနဲ့ ယင်ကောင်မနားစေရန် အုပ်ဆောင်းဖြင့် အုပ်ထားပေးပါ 
  10. ၃ရက်မှ ၄ရက်အတွင်းမှာ အမဲသားများ ချဉ်လာတာနဲ့ အချဉ်ထည့်ထားသော အထုတ်ကို ဖြည်ကာ ဇလုံထဲ သွန်ထည့်ပေးပါ 
  11. ပြီးတာနဲ့ ထမင်းလုံးများဖယ်ရန်နှင့် ဆားအရသာပေါ့သွားရန် ရေ ၅ထပ်လောက် ဆေးပေးထားပါ
ဟင်းချက်ရန် ပြင်ဆင်ပုံ
  • ပါဝင်ပစ္စည်းများ

    • အမဲသားချဉ်
    • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
    • ကြက်သွန်နီ - အလုံးကြီးကြီး တလုံး
    • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၄မွှာ
    • ချင်း - လက်တဆစ် သာသာသာ
    • စပါးလင် - တပင်
    • ပျဉ်းတော်သိမ်းရွက် - ၃ခက်ခန့်
    • အရမ်းမချဉ်သော ခရမ်းချဉ်သီး - အနေတော် ၅လုံး
    • ဆီ - ထမင်းစားဇွန်း ၅ဇွန်း
    • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
    • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
    • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်သာသာ
    ပြငိဆင်ပုံ
    • ရေဆေးထားသော အမဲသားချဉ်ကို အရသာမှုန့်နှင့် နယ်ကာ ပြင်ထားပေးပါ
    • ငရုတ်သီးမှုန့် ချင်း ကြက်သွန်ဖြူ ကြက်သွန်နီနှင့် စပါးလင် နုသောအပိုင်းတို့ကို ညက်နေအောင် ထောင်းပေးပါ
    • ပိုနေသော စပါးလင်အပင်ကို ထုံးထားပါ
    • အနှစ်များများ ရစေရန် ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
    • ပျဉ်းတော်သိမ်းရွက်ကို ရေဆေးပြီး အရွက် ခြွေထားပါ
    • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဇောက်နက်သော အိုးတလုံးထဲမှာ ဆီနှင့် နနွင်းမှုန့်ကိုထည့်ပြီး အပူပေးပါ
    • ဆီပူတာနဲ့ ငရုတ်သီးထောင်းကိုထည့်ပြီး မွှေးလာအောင် ဆီသတ်ပေးပါ
    • ဆီသတ်နံ့ မွှေးလာတာနဲ့ ခရမ်းချဉ်သီးကို ကျေပြီးအခွံများ လိတ်လာတဲ့အထိ ချက်ပေးပါ
    • ခရမ်းချဉ်သီး အခွံများ လိတ်လာတာနဲ့ အမံသားချဉ်ကို ထည့်မွှေပေးပါ
    • အမဲသားများ မာတင်းလာပြီး အရောင်ပြောင်းလာတာနဲ့ ရေအနည်းငယ်ထည့်ကာ တည်ပေးပါ
    • ရေပွက်ပွက်ဆူလာပါက အထက်အောက် သမအောင် မွှေပေးပါ
    • မွှေပြီးတာနဲ့ အဖုံးအုပ်ကာ ပြန်တည်ပေးပါ
    • ပထမဆုံး ထည့်ထားတဲ့ လုံးရည်ခမ်းလာတာနဲ့ အရသာမြည်းပြီး ပေါ့နေပါက ဆားကိုချင့်ချိန်ပြီးထည့်ကာ ရေမြုပ်အောင်ထည့်ပြီး ဆက်တည်ပေးပါ
    • အချဉ်ထည့်စဉ်က ဆားများမျာျးနှင့်နယ်ထားသောကြောင့် အငံကို ချင့်ချိန်ပြီးမှ ထည့်ပေးပါ
    • ပထမတရည် ခမ်းအောင်တည်ပေးပြီး အသားနူးမနူး မြည်းပေးပါ
    • အသားမနူးသေးပါက ရေထပ်ထည့်ပြီး တည်ပေးပါ
    • ရေဆူလာတာနဲ့ အရသာမြည်ပြီး လိုသလို ပြင်ပေးကာ ဆီပြန်အောင် ဆက်တည်ပေးပါ
    • ဆီမပြန်ခင် အိုးမကပ်စေအောင် မကြမကြာ မွှေပေးပါ
    • ရေခမ်းပြီး ဆီပြန်လာပါက ပျဉ်းတော်သိမ်းရွက်အုပ်ကာ မီးပိတ်ပေးပါ
    • အရသာရှိပြီး မွှေးပျံ့နေတဲ့ အမဲသားချဉ် ဆီပြန်ဟင်းကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment