Sunday 21 January 2018

ဗုံလုံသီး အစာသွပ်ဟင်း























ခံထွက် ဗုံလုံသီးလေးတွေ သီးလာပြီဆိုတော့ အရည်သောက်ဆမ်းလေးတွေချက်လိုက် ကြော်ချက်လေးတွေချက်လိုက်နဲ့ မရိုးအောင်တော့ ချက်နေမိတော့တာပါဘဲ။

ဒီနေ့တော့ ဗုံလုံသီးကို ကြက်သားနဲ့ အစာသွတ်လေး ချက်ပါမယ် မဆိုသလောက်လေး လက်ဝင်ပေမဲ့ တခြားမြို့မှာ နောက်တဘွဲ့အတွက် ကျောင်းထပ်တက်မဲ့ သမီးလေးကို ချက်နည်းလေး သင်ချင်တာနဲ့ တဆင့်ခြင်း ပြပေးရင် မာမာ့ရဲ့ မိတ်ဆွေတွေအတွက်ပါ ပုံလေးတွေ အမှတ်တရ တင်ပေးရင်း ချက်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဗုံလုံသီး - ခပ်ဝဝ ခပ်ရှည်ရှည် နှစ်တောင့် 
  2. ကြက်ကြိတ်သား - 250 g
  3. ကြက်သွန်နီ - ဥကြီးကြီး တစ်လုံး
  4. ကြက်သွန်နီ - အနေတော် တဥ (ဆီသတ်ရန် အနည်းငယ် ချန်ထားပါ)
  5. ချင်း - လက်တစ်ဆစ်သာသာ
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၄မွှာ (ဆီသတ်ရန် တစ်ဝက်ချန်ထားပါ )
  7. ကြက်ဥ - တစ်လုံး
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (တ၀က်ကို အစာထဲ ထည့်ပေးပါ)
  9. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (တ၀က်ကို အစာထဲ ထည့်ပေးပါ)
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ဆီသတ်ရန် တ၀က်ချန်ထားပါ )
  11. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  12. ဆီ - ထမင်းစားဇွန်း ၈ဇွန်းသာသာ 
  13. ပဲဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ

ပြင်ဆင်ပုံ
  • ဗုံလုံသီးကို အတောင့်လိုက်ကိုင်ကာ အပေါ်ယံ အမှေးအဖြူရောင်များကုန်သွားအောင် ဓါးနှင့် ခြစ်ပေးပါ
  • ၂တောင့်လုံး အမှေးပါးများ ခြစ်ပြီးတာနဲ့ အတောင့်လိုက် ရေဆေးပြီး ပုံပါအတိုင်း မိမိနှစ်သက်သလောက် အရှည်အနေအထားရအောင် လှီးပေးပါ 
  • လှီးထားသော ဗုံလုံသီးအထဲမှ အစေ့များကို တဖက်ပိတ်ချန်ပြီး တဖက်မှ အရိုးရှည်သော ဇွန်းဖင်နှင့် ကလော်ထုတ်ပေးပါ
  • ကလော်ထုတ်ထားသော ဗုံလုံစေ့များနှင့် အမျှင်များကို အစေ့အရမ်း မရင့်ပါက ဓါးနှင့်နုတ်နုတ် စဉ်းပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုပ်နုပ် လှီးထားပါ
  • ကြက်ကြိတ်သားကို ဇလုံထဲထည့်ကာ ပဲဆီ ကြက်ဥ ငရုတ်သီး အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း တဝက် ဆား နနွင်းမှုန့် နုတ်နုတ်စဉ်းထားသော ဘုံလုံစေ့များနှင့် အချိုမှုန့်တို့ထည့်ကာ နယ်ထားပါ
  • ကြက်သွန်နီ အနေတော်ဥကို အခွံခွာပြီး ရေဆေးကာ ခပ်နုပ်နုပ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးထားကာ လှီးထားသော ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ထည့်ကာ ညက်နေအောင် ထောင်းပေးပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ဗုံလုံသီးများကို အစာသွပ်ဖို့ ပြင်ပေးပါ
  • အရသာနယ်သော အစာကို ဇွန်းလေးတခုနှင့်ခပ်ပြီး ဘုံလုံသီးထဲကို တခုခြင်း အစာသွပ်ပေးပါ
  • အစာသွပ်ပြီးလို့ ပိုနေတဲ့ အစာတွေကို ဆီသတ်ရန် ချန်ထားပေးပါ
  • ဗုံလုံသီးများ အစာသွပ်ပြီးပြီဆိုတာနဲ့ ဇောက်နက်သော ဒယ်အိုးကို အပူပေးကာ ဆီနှင့်နနွင်းမှုန့်တို့ကိုထည့်ပါ
  • ဆီပူလာတာနဲ့ငရုတ်သီးထောင်းကို မွှေးလာအောင် ဆီသတ်ပေးပါ 
  • ဆီသတ်နံ့ မွှေးလာတာနဲ့ ပိုနေသော အစာအသားများကိုထည့်ပြီး ဆီသတ်ပါ
  • ဆီသတ်ထားသော ကြက်သားများ မာလာပါက အစာသွပ်ထားသော ဗုံလုံသီး အစာသွပ်များကို ထည့်ပေးပါ
  • ဗုံလုံသီးများ အိုးမကပ်စေရန် အိုးကိုအသာ လှုပ်လှုပ်ပေးပါ 
  • ပြီးတာနဲ့ အိုးအဖုံး အုပ်ပေးပြီး အသားများ မကပ်စေရန် အိုးကို မကြာမကြာ လှုပ်ပေးပါ
  • ပြီးတာနဲ့ ဗုံလုံသီးများ မမြုပ်တမြုပ် ရေထည့်ပေးကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • ရေပွက်ပွက်ဆူလာပါက ဆားနှင့် အချိုမှုန့်ထည့်ပြီး မွှေပေးကာ အရသာ မြည်းပေးပါ
  • အရသာ အနေတော် ဖြစ်ပြီဆို   အထက်အောက် အသာလှန်ပေးပြီး ရေကိုမိမိနှစ်သက်သလောက်ထားပြီး မီးပိတ်ပေးပါ
  • ဗုံလုံသီး အစာသွပ်မွှေးမွှေးလေးကို စားပွဲပြင်ပေးကာ သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment