Thursday 4 January 2018

သတ်သတ်လွတ် ပဲသီးသုပ်



အခုရက်ထဲ သတ်သတ်လွတ် အသုပ်လေးတွေ ပြင်ဆင်ဖြစ်ပါတယ် ဒီနေ့တော့ ပြင်ဆင်ရတာ လွယ်သလို စားလို့လဲ အရမ်းကောင်းတဲ့ သတ်သတ်လွတ် ပဲသီးသုပ် ဟင်းရံလေးတွေ ပြင်ဆင်ဖြစ်လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့  ပြင်ဆင်ပုံလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပဲတောင့်ရှည် - ဆယ့်ငါးတောင့်
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. နှမ်းလှော် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  4. ဆားအနု - လက်ဖက်​ရည်​ဇွန်း တစ်ဝက် (အသုပ်ထဲထည့်ရန်)
  5. ဆားအကြမ်း - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ဂေါ်ဖီ - နှစ်ဖတ်ခန့်
  9. နံနံပင် - မိမိနှစ်သက်သလောက်
  10. ငရုတ်သီး အလှော်မှုန့် - စားနိုင်သလောက်
  11. ကြက်သွန်နီ ဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း

ပြင်ဆင်ပုံ
  • ပဲတောင့်ရှည်ကို ရေစင်အောင်ဆေးပြီး ဇလုံတစ်လုံးထဲ ထည့်ပေးထားပါ
  • ရေကို ပွက်ပွက်ဆူအောင် တည်ပေးပြီး ပဲသီးထည့်ထားသော ဇလုံထဲသို့ လောင်းထည့်ပေးပါ
  • ရေနွေးပူထဲမှာ နှစ်မိနစ်လောက်ထားပြီး ရေအေးနှင့်ဆေးကာ မထူမပါးလေးတွေ လှီးထားပါ 
  • ကြက်သွန်နီကို အခွံခွာပြီးကို အလုံးလိုက် ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • လှီးထားသော ကြက်သွန်နီကို ဆားအကြမ်း လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီး ခပ်နာနာလေး နယ်ပေးပါ
  • ကြက်သွန်များ နွမ်းလာတာနဲ့ ရေနှစ်ထပ်လောက် ဆေးပေးထားပါ
  • နှမ်းကို မီးအေးအေးနှင့် ရွှေဝါရောင် သန်းလာတဲ့အထိ လှော်ပေးထားပါ
  • ဂေါ်ဖီကို ခပ်ပါးပါး လှီးပေးပြီး ရေစင်အောင် ဆေးပေးထားပါ
  • နံနံပင်ကို အပင်လိုက် ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပေးပါ
  • သံပုရာရည်ကို ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်း အားလုံးကို ဇလုံထဲထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ အရသာမြည်းပြီး လိုအပ်သလို ပြင်ပေးကာ စားသုံးရန် ပန်းကန်တစ်ခုထဲ ပြောင်းထည့်၍ ပြင်ပေးကာ သတ်သတ်လွတ် ချဉ်ငံစပ် ပဲသီးသုပ် မွှေးမွှေးလေးကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment