Tuesday 2 January 2018

သတ်သတ်လွတ် ပဲနီပြားသုပ်



တစ်ခါတစ်လေ အသားတွေ စားရတာ မစားချင်တဲ့အတွက် သတ်သတ်လွတ်လေးတွေ စားချင်စိတ်က ပေါ်လာတတ်ပါတယ် ဒါကြောင့်မို့လို့ ဒီနေ့တော့ ပဲသုပ်လေး သုပ်ပါတယ် ပဲသုပ်ဆိုတာက လွယ်ပါတယ် သို့ပါသော်လဲ ကြက်သွန်နီ ပါတဲ့အတွက် ပါးစပ်နံတတ်ပါတယ်  ဒါကြောင့်မို့လို့ ပါးစပ်အနံ သက်သာအောင် ပြင်ဆင်နည်းလေးကိုလဲ မျှဝေပေးလိုက်ပါတယ်။

ကြက်သွန်နီကို လှီးပြီးတာနဲ့ ဆားနဲ့ခပ်နာနာ နယ်ဆေးပြီးမှ သုပ်တာက ပါးစပ်အနံ သက်သာစေသလို ကြက်သွန်ညီးစော် နံခြင်းကိုလဲ သက်သာစေပါတယ် ဒါကြောင့်မို့လို့ ကြက်သွန်ဆေးနည်းနဲ့ ပဲသုပ်သုပ်နည်း ပြင်ဆင်ပုံလေးပါ ရေးပေးထားပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ပြုပ်ပြီးသား ပဲဗူး - တစ်ဗူး
  2. ဆားအနု - လက်ဖက်ရည်ဇွန်း တစ်ဝက် (အသုပ်ထဲထည့်ရန်)
  3. ဆားအကြမ်း - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သွန်ဆေးရန်)
  4. နှမ်းလှော် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  5. နံနံပင် - မိမိနှစ်သက်သလောက်
  6. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  7. ကြက်သွန်နီ - အနေတော် တစ်လုံး
  8. အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. ပဲဆီ - ထမင်းစားဇွန်း သုံးဇွန်း
ပြင်ဆင်ပုံ
  1. Ready made ပဲဗူးကိုဖောက်ပြီး အရည်များ သွန်ပေးကာ ရေနှစ်ထပ်လောက် ဆေးပေးထားပါ
  2. ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက် ရေဆေးပြီး ခပ်ပါးပါး လှီးပေးထားပါ
  3. လှီးထားသော ကြက်သွန်နီကို ဆားအကြမ်း လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီး ခပ်နာနာလေး နယ်ပေးပါ
  4. ကြက်သွန်များ နွမ်းလာတာနဲ့ ရေနှစ်ထပ်လောက် ဆေးပေးထားပါ
  5. ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  6. နံနံပင်ကို အပင်လိုက် ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပေးပါ
  7. နှမ်းလှော် ကြက်သွန်နီ နံနံပင် ဆီ ငရုတ်သီးစိမ်း ဆားအနုနှင့် အရသာမှုန့်ကိုတို့ကို ပြင်ထားပါ
  8. ဇလုံတစ်လုံးထဲမှာ ပါဝင်ပစ္စည်းများထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
  9. နယ်ပြီးပါက အရသာမြည်းပြီး လိုသလိုပြင်ကာ သတ်သတ်လွတ် ပဲသုပ်လေးကို မိမိနှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment