Saturday, 27 January 2018

ပဲပြား သီးရွက်စုံဟင်းချို





တခါတလေ ဆီပြန်ဟင်းတွေ မပါလဲ ထမင်းစားမိန်အောင် ဖန်တီးတတ်ရပြန်ပါတယ် ဟင်းရည်လေးပါမှ ထမင်းက မိန်တတ်တာမို့ ဒီနေ့တော့ ကြက်ကြိတ်သားကိုပြုပ်ပြီး ဟင်းရည်ချိုချိုလေးချက်ကာ အရည်သောက်ဆမ်းလေး တမယ်ချက်ဖြစ်ပါတယ် အရသာ လျှာကသိ ဆိုသလိုပါဘဲ ပူစပ်ပြီး မွှေးနေကာ ဟင်းရည်ချိုနေတဲ့ မာမာ့အိမ်ချက် သီးစုံဟင်းချိုရည် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်း

  • ကြက်ကြိတ်သား - ထမင်းစားဇွန်း ၂ဇွန်း
  • မုံလာဥနီ  - အနည်းငယ်
  • ရုံးပတေသီး - ဆယ်တောင့်ခန့်
  • ဘလိုကိုလီ - ၂ခက်ခန့်
  • ပန်းဂေါ်ဖီ အခက်ကြီး - တခက်
  • ပဲပြား - တတုံး
  • ပဲသီး - ၅တောင့်ခန့်
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • ကြက်သွန်နီ - အနေတော် တခြမ်း
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်းသာသာ
  • အရသာမှုန့် လက်ဖက်ရည်ဇွန် တဇွန်း 
ပြင်ဆင်ပုံ
  • ကြက်ကြိတ်သားကို ရေအနည်းငယ်နှင့် ဆားအနည်းငယ်တို့ကို အိုးထဲထည်ကာ ပြုပ်ပေးပါ 
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ရှစ်စိတ်စိတ်ထားပါ
  • ကြက်ပြုပ်ရည် ပွက်ပွက်ဆူလာတာနဲ့ ဟင်းရည်ချိုစေရန် ကြက်သွန်နီနှင့် အချိုမှုန့်ထည့်ပေးပါ
  • ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းမှုန့်ကိုထောင်းပြီး ပြင်ထားပါ
  • ဘလိုကိုလီကို အခက်လေးတွေ ရအောင်လှီးပြီး ရေဆေးထားပါ
  • ပန်းဂေါ်ဖီကို အခက်လေးတွေ ရအောင်လှီးပြီး ရေဆေးထားပါ
  • ရုံးပတေသီးကို ရေဆေးက ထိပ်ဖက်မှ ဖြတ်ထားပေးပါ
  • ပဲပြားကို အနေတော် တုံးထားပါ
  • ပဲသီးကို ရေဆေးပြီး ခပ်စောင်းစောင်းလေးတွေ လှီးထားပါ
  • မုံလာဥနီကို အခွံခွာကာ ရေဆေးပြီး အတုံးလေးတွေ လှီးထားပါ
  • တည်ထားသော ဟင်းရည်အိုး ပွက်ပွက်ဆူလာပြီး ၁၀မိနစ်လောက် နေတာနဲ့ အထက်အောက် သမအောင်မွှေကာ ရုံးပတေသီးကို ချန်ထားကာ ပဲပြားနှင့်အတူအသီးအရွက်မျာထည့်ပြီး ၃မိနစ်လောက် အဖုံးဖွင့်ပြီး တည်ထားပါ
  • အသီးအရွက်များ အရမ်းမနူးခင် အရသာမြည်းပြီး လိုသလိုပြင်ကာ ရုံးပတေသီးနှင့် ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းထောင်းတို့ခပ်ပြီး ဟင်းပြင်ပန်းကန်ထဲမှာ ဟင်းရည်ပွဲပြင်ပေးကာ သီးစုံဟင်းရည် ပူပူလေး သောက်နိုင်ပါပြီ။

No comments:

Post a Comment