Monday, 22 January 2018

ကြက်ဟင်းခါးသီးနှပ်


ကြက်ဟင်းခါးသီးတွေ ဈေးမှာတွေ့တိုင်း မဝယ်ဘဲ မနေနိုင် ဝယ်ပြီးရင်တော့ အမျိုးမျိုး လုပ်စားဖြစ်ပြန်ပါတယ် ဒီတခါတော့ ကြက်ဟင်းခါးသီး ပုဇွန်ခြောက် နှပ်ချက်လေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  • ကြက်ဟင်းခါးသီး - ခပ်ကြီးကြီး ၃လုံး
  • ပုဇွန်ခြောက် - ထောင်းပြီးသား ထမင်းစားဇွန်း ၃ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၃ပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ပါးပါးရိတ်ရိတ်လှီးထားသော ကြက်သွန်နီ - အနေတော် တခြမ်း
  • နုတ်နုတ်စဉ်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ဆီ - စားပွဲတင်ဇွန်း တဇွန်း


ပြင်ဆင်ချက်ပြုပ်ပုံ

  1. ကြက်ဟင်းခါးသီးကို အလယ်မှအရှည်လိုက် ထက်ခြမ်းခွဲ၍ အစေ့များဖယ်ကာ အရှည်လိုက် လေးခြမ်းခြမ်းပေးပါ
  2. ပြီးတာနဲ့ ပုံပါအတိုင်း ခပ်ထူထူလေးတွေ လှီးပေးပါ
  3. အားလုံးလှီးပြီးပါက ရေစင်အောင်ဆေးပြီ ရေစစ်ထားပါ
  4. ကြိတ်ထားသော ပုဇွန်ခြောက်မှုန့်ကို ပြင်ထားပါ
  5. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ပါးပါးရိတ်ရိတ်လှီးပါ
  6. ကြက်သွန်ဖြူကို အခွံခွာပြီး နုတ်နုတ်စဉ်းထားပါ
  7. အားလုံး အဆင်သင့်ဖြစ်ပါက ဆီကိုအပူပေးပြီး ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပါ
  8. ပြီးတာနဲ့ကြက်သွန်ဖြူ ကြက်သွန်နီကို နွမ်းသွားအောင် ကြော်ပေးပါ
  9. ကြက်သွန်အဖြူ အနီနွမ်းပြီဆိုတာနဲ့ ပုဇွန်ခြောက်ကို မိနစ်ဝက်လောက်ထည့်ကြော်၍ ကြက်ဟင်းခါးသီး ထည့်ကြော်ပါ
  10. ဆား အရသာမှုန့်တို့ ထည့်မွှေပြီး တမိနစ်လောက်ပြည့်တာနဲ့ ရေ မြုပ်လောက်သည်ထိထည့်ပေးပြီး အားလုံးကို သမအောင်မွှေကာ အိုးအဖုံးအုပ်ပေးပြီး နှပ်ပေးပါ
  11. ကြက်ဟင်းခါးသီး အိုးမကပ်စေရန်နှင့် လှီးထားသော အတုံးလေးများ ပုံစံမပျက်စေရန် ဟင်းအိုးကို မမွှေဘဲ လှုပ်လှုပ်ပေးပါ
  12. ရေမခမ်းခင် အရသာမြည်းပြီး လိုသောအရသာကို ပြင်ပေးပါ
  13. ဆီသံကြားပြီး ထဲ့ထားသော ရေများခမ်းလာတာနဲ့  ကြက်ဟင်းခါးသီးနှပ် စားဖို့ပြင်ဆင်နိုင်ပါပြီ။

No comments:

Post a Comment