Saturday 30 December 2017

ခရမ်းသီးနှပ်





ထောပါတ်ခရမ်းသီးလေးတွေ ရလာတော့ ပုဇွန်ထုတ်လေးတွေနဲ့ နှပ်ဖို့ပြင်ပြန်ပါတယ် ခရမ်းသီးနှပ်က မာမာ့အကြိုက်ဆုံး အစားအစာ တစ်ခုဖြစ်လို့ မကြာခန ချက်ဖြစ်နေတဲ့ ဟင်းတစ်မယ်ပါ ဒါကြောင့်မို့လို့ မာမာပြင်ဆင် ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ထောပါတ်ခရမ်းသီး - အလုံးကြီးကြီး တစ်လုံး
  2. ပုဇွန်ထုတ် - ဆယ်ကောင်ခန့်
  3. မညက်တညက် ထောင်းထားသော ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  8. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  9. ဆီ - ထမင်းစားဇွန်း သုံးဇွန်း

ပြင်ဆင်ပုံ
  • ခရမ်းသီးကို အညှာနားထိ ပြတ်အောင်လှီးပြီး အခွံခွာပေးကာ ထက်၀က်ခြမ်း ရေနာရီ၀က်လောက် စိမ်ထားပါ
  • အညိုရောင်အရည်များ ထွက်သွားပါက ရေစင်အောင်ဆေးပြီး ရေစစ်ထားပေးပါ
  • ပုဇွန်ထုတ်ကို အခွံမခွာဘဲ ခေါင်းခွံဘဲခွာကာ ကြောဘက်မှ အမည်းကြောင်းကို ဖယ်ပေးပါ
  • ခရမ်းသီး ကြက်သွန်ဖြူ ကြက်သွန်နီ ဆား အရသာမှုန့် ငရုတ်သီး အရောင်တင်မှုန့် ဆီ နနွင်းမှုန့်နှင့် ပုဇွန်ထုတ်များကို ဇောက်နက်သော အိုးထဲထည့်ပြီး  အရသာ၀င်အောင် နယ်ပေးပါ
  • အိုးထဲမှာ အရသာနယ်ထားသော ခရမ်းသီးကို ရေအနည်းငယ်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • အိုးမကပ်စေရန် မမွှေဘဲ လှုပ်ပေးပြီး လုံးရည်ခမ်းကာနီးတာနဲ့ ရေလိုသလောက် ထပ်ထည့်ပေးပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • အိုးထဲမှာ ဆီကျန်ရေကျန် အနေအထားလေးရအောင်တည်ပေးပါ
  • ခရမ်းသီးနူးပါက အရသာမြည်းပြီး လိုသလိုပြင်ပေးကာ အိအိမွှေးမွှေး ခရမ်းသီးနှပ် စပ်စပ်လေးကို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment