ထမင်းစားရတာ အချဉ်သုပ်လေး တခုခုပါလေလေ ထမင်းက စားလို့မြိန်လေလေပါဘဲ ဒီနေ့တော့ သရက်သီးစိမ်းကို ဖိုးသိုးဖတ်သပ်လေး အရိုင်းသုပ်ကာ ကြက်သားကို ပြုပ်ပြီး ပဲကြာဇံနဲ့ ဟင်းခါးလေးချက်ကာ ထမင်းမြိန်မြိန် စားနိုင်ဖို့ ပြင်ဖြစ်တဲ့အတွက် သရက်သီး အရိုင်းသုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- သရက်သီးစိမ်း - ခပ်ကြီးကြီး တစ်လုံး
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငရုတ်သီး အလှော်မှုန့် - စားနိုင်သလောက်
- ပုဇွန်ခြောက် - ထမင်းစားဇွန်း နှစ်ဇွန်း
- ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
- သရက်သီးစိမ်းကို အညှာဖက်မှလှီးပြီး ရေနိုင်နိုင်ဆေးကာ အစေးထုတ်ပေးပါ
- ပြီးတာနဲ့ အခွံခွာကာ အခွံခွာသောဓါးနှင့် သရက်သီးကို ခြစ်ချကာ လှီးပေးပါ
- ပုဇွန်ခြောက်ကို ညက်နေအောင် ထောင်းထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်းများ အားလုံးကို ဇလုံတစ်လုံးထဲထည့်ကာ ဖွဖွလေးရောနယ်ပေးပါ
- ပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးကာ စားပွဲပြင်ပေးပါ
- ကြက်သား ပဲကြာဇံဟင်းခါးနှင့် တွဲဖက်စားရန် ချဉ်ငံစပ်ပြီး အရသာ ရှိလှသော သရက်သီး အရိုင်းသုပ်လေးကို စားသုံးရန်အသင့် ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment