Sunday, 10 December 2017

ကြက်ဟင်းခါးသီး ဆီပြန်














ဈေးအရမ်းကြီးလို့ အမြဲတမ်း မစားဖြစ်ပေမဲ့ ရံဖန်ရံခါမှ စားတတ်တဲ့ ကြက်ဟင်းခါးသီး ဆီပြန်ဟင်းလေး ဒီနေ့ တော့ နောက်ထပ်တစ်ခါ ချက်ဖြစ်ပြန်တာမို့လို့ မာမာချက်ထားတဲ့ ကြက်ဟင်းခါးသီး ဆီပြန်ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ဟင်းခါးသီး - အနေတော် လေးလုံး
  2. ပုဇွန်ခြောက် - ထောင်းပြီးသား ထမင်းစားဇွန်း လေးဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  8. ညက်အောင် ထောင်းထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  9. ညက်အောင် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  10. ဆီ - ထမင်စားဇွန်း ငါးဇွန်း

ပြင်ဆင်ချက်ပြုပ်ပုံ
  1. ကြက်ဟင်းခါးသီးကို အလယ်မှအရှည်လိုက် ထက်ခြမ်းခွဲ၍ အစေ့များဖယ်ကာ ခပ်ထူထူ လှီးပေးပါ
  2. အားလုံးလှီးပြီးပါက ရေစင်အောင်ဆေးပြီ ရေစစ်ထားပါ
  3. ဖယ်ထားသော အစေ့များကို အသုံးမလိုသောကြောင့် ဖယ်ထားလိုက်ပါ
  4. ကြိတ်ထားသော ပုဇွန်ခြောက်မှုန့်ကို ပြင်ထားပါ
  5. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ပါးပါးရိတ်ရိတ်လှီးပါ
  6. ကြက်သွန်ဖြူကို အခွံခွာပြီး နုတ်နုတ်စဉ်းထားပါ
  7. ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ငရုတ်သီးမှုန့်ထည့်ပြီး ညက်အောင် ရောပြီးထောင်းပေးပါ
  8. အားလုံး အဆင်သင့်ဖြစ်ပါက ဆီကိုအပူပေးပြီး ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပါ
  9. ပြီးတာနဲ့ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးထောင်းကို နွမ်းပြီး မွှေးသွားအောင် ကြော်ပေးပါ
  10. ငရုတ်သီးနံ့ သင်းလာတာနဲ့ ငံပြာရည် ထည့်မွှေပေးပါ
  11. ပြီးတာနဲ့ ပုဇွန်ခြောက်ကို မိနစ်ဝက်လောက်ထည့်ကြော်၍ ကြက်ဟင်းခါးသီး ထည့်ကြော်ပါ
  12. ဆား အရသာမှုန့်တို့ ထည့်မွှေပြီး တစ်မိနစ်လောက်ပြည့်တာနဲ့ ရေ ထမင်းစားဇွန် ၇ ဇွန်းလောက်ထည့်ပြီး အားလုံးကို သမအောင်မွှေကာ အိုးအဖုံးအုပ်ပြီး ချက်ပေးပါ
  13. ဟင်းအိုးမကပ်စေရန် မမွှေဘဲ အိုးကိုလှုပ်လှုပ်ပေးပါ
  14. ဆီသံကြားပြီး ရေခမ်းလာတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ကြက်ဟင်းခါးသီးဟင်း စပ်စပ်လေးကို စားဖို့ပြင်ဆင်နိုင်ပါပြီ။

No comments:

Post a comment