တစ်ခါတစ်လေ ဆီပြန်ဟင်းတွေ မပါလဲ ထမင်းစားမိန်အောင် ဖန်တီးတတ်ရပြန်ပါတယ် ဟင်းရည်လေးပါမှ ထမင်းက မြိန်တတ်တာမို့ ဒီနေ့တော့ ကြက်ကြိတ်သားကိုပြုပ်ပြီး ဟင်းရည်ချိုချိုလေးချက်ကာ အရည်သောက်ဆမ်းလေး တစ်မယ်ချက်ဖြစ်ပါတယ် အရသာ လျှာကသိ ဆိုသလိုပါဘဲ ပူစပ်ပြီး မွှေးနေကာ ဟင်းရည်ချိုနေတဲ့ မာမာ့အိမ်ချက် သီးစုံဟင်းချိုရည် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ကြက်ကြိတ်သား - ထမင်းစားဇွန်း ၂ဇွန်း
- မုံလာဥနီ - အနည်းငယ်
- ရုံးပတေသီး - ဆယ်တောင့်ခန့်
- ဘရော့ကိုလီ - ၂ခက်ခန့်
- ပန်းဂေါ်ဖီ အခက်ကြီး - တစ်ခက်
- ပဲပြား - တစ်တုံး
- ပဲတောင့်ရှည် - ၅တောင့်ခန့်
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
- ကြက်သွန်နီ - အနေတော် တစ်ခြမ်း
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
- အရသာမှုန့် - လက်ဖက်ရည်ဇွန် တစ်ဇွန်း
ပြင်ဆင်ပုံ
- ကြက်ကြိတ်သားကို ရေအနည်းငယ်နှင့် ဆားအနည်းငယ်တို့နှင့် အိုးထဲထည့်ကာ ပြုပ်ပေးပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ရှစ်စိတ်စိတ်ထားပါ
- ကြက်ပြုပ်ရည် ပွက်ပွက်ဆူလာတာနဲ့ ဟင်းရည်ချိုစေရန် ကြက်သွန်နီနှင့် အချိုမှုန့်ထည့်ပေးပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ငရုတ်ကောင်းမှုန့်တို့ကို ရောထောင်းပြီး ပြင်ထားပါ
- ဘရော့ကိုလီကို ရေဆေးပြီး အခက်လေးတွေ ရအောင်လှီးထားပါ
- ပန်းဂေါ်ဖီကို အခက်လေးတွေ ရအောင်လှီးပြီး ရေဆေးထားပါ
- ရုံးပတေသီးကို ရေဆေးက ထိပ်ဖက်မှ ဖြတ်ထားပေးပါ
- ပဲပြားကို ရေဆေးပြီး အနေတော် တုံးထားပါ
- ပဲတောင့်ရှည်ကို ရေဆေးပြီး ခပ်စောင်းစောင်းလေးတွေ လှီးထားပါ
- မုံလာဥနီကို အခွံခွာကာ ရေဆေးပြီး အတုံးလေးတွေ လှီးထားပါ
- တည်ထားသော ဟင်းရည်အိုး ပွက်ပွက်ဆူလာပြီး ၁၀မိနစ်လောက် နေတာနဲ့ အထက်အောက် သမအောင်မွှေကာ ရုံးပတေသီးကို ချန်ထားကာ ပဲပြားနှင့်အတူ အသီးအရွက်မျာထည့်ပြီး ၃မိနစ်လောက် အဖုံးဖွင့်ပြီး တည်ထားပါ
- အသီးအရွက်များ အရမ်းမနူးခင် အရသာမြည်းပြီး လိုသလိုပြင်ကာ ရုံးပတေသီးနှင့် ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းထောင်းတို့ခပ်ပြီး ဟင်းပြင်ပန်းကန်ထဲမှာ ဟင်းရည်ပွဲပြင်ပေးကာ သီးစုံဟင်းရည် ပူပူလေး သောက်နိုင်ပါပြီ။
No comments:
Post a Comment