Monday 22 January 2018

ကြက်ဟင်းခါးသီးဟင်း


ကြက်ဟင်းခါးသီးတွေ စျေးမှာတွေ့တိုင်း မဝယ်ဘဲ မနေနိူင် ဝယ်ပြီးရင်တော့ အမျိုးမျိုး လုပ်စားဖြစ်ပြန်ပါတယ် ဒီတစ်ခါတော့ ကြက်ဟင်းခါးသီးနဲ့ ပုဇွန်ခြောက်တို့ကို နှပ်ချက်လေး မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ဟင်းခါးသီး - ခပ်ကြီးကြီး သုံးလုံး
  2. ပုဇွန်ခြောက် - ထောင်းပြီးသား ထမင်းစားဇွန်း သုံးဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  6. ပါးပါးရိတ်ရိတ်လှီးထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  7. နုတ်နုတ်စဉ်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  8. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
  • ကြက်ဟင်းခါးသီးကို အလယ်မှအရှည်လိုက် ထက်ခြမ်းခွဲ၍ အစေ့များဖယ်ကာ အရှည်လိုက် လေးခြမ်းခြမ်းပေးပါ
  • ပြီးတာနဲ့ ပုံပါအတိုင်း ခပ်ထူထူလေးတွေ လှီးပေးပါ
  • အားလုံးလှီးပြီးပါက ရေစင်အောင်ဆေးပြီ ရေစစ်ထားပါ
  • ကြိတ်ထားသော ပုဇွန်ခြောက်မှုန့်ကို ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ပါးပါးရိတ်ရိတ်လှီးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး နုတ်နုတ်စဉ်းထားပါ
  • အားလုံး အဆင်သင့်ဖြစ်ပါက ဆီကိုအပူပေးပြီး ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပါ
  • ပြီးတာနဲ့ကြက်သွန်ဖြူ ကြက်သွန်နီကို နွမ်းသွားအောင် ကြော်ပေးပါ
  • ကြက်သွန်အဖြူ အနီနွမ်းပြီဆိုတာနဲ့ ပုဇွန်ခြောက်ကို မိနစ်ဝက်လောက်ထည့်ကြော်၍ ကြက်ဟင်းခါးသီး ထည့်ကြော်ပါ
  • ဆား အရသာမှုန့်တို့ ထည့်မွှေပြီး တမိနစ်လောက်ပြည့်တာနဲ့ ရေ မြုပ်လောက်သည်ထိထည့်ပေးပြီး အားလုံးကို သမအောင်မွှေကာ အိုးအဖုံးအုပ်ပေးပြီး နှပ်ပေးပါ
  • ကြက်ဟင်းခါးသီး အိုးမကပ်စေရန်နှင့် လှီးထားသော အတုံးလေးများ ပုံစံမပျက်စေရန် ဟင်းအိုးကို မမွှေဘဲ လှုပ်လှုပ်ပေးပါ
  • ရေမခမ်းခင် အရသာမြည်းပြီး လိုသောအရသာကို ပြင်ပေးပါ
  • ဆီသံကြားပြီး ထဲ့ထားသော ရေများခမ်းလာတာနဲ့  ကြက်ဟင်းခါးသီးနှပ် စားဖို့ပြင်ဆင်နိုင်ပါပြီ။

No comments:

Post a Comment