Tuesday 23 January 2018

ပဲထောပါတ်သုပ်




သတ်သတ်လွတ်စားတဲ့ သမီးအတွက် တပါတ်တခါတော့ ပေါ့ပေါ့ပါးပါး အစားအစာလေးတွေ ပြင်ပေးဖြစ်ပါတယ် ဒီတပါတ်တော့ ရယ်ဒီမိတ် ပဲဗူးလေး ဖောက်ပြီး ခပ်စပ်စပ်လေး သုပ်ပေးဖြစ်တာမို့လို့ လွယ်ကူမြန်ဆန် ပဲသုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပဲသုပ်ဆိုတာက လွယ်ပါတယ် သို့ပါသော်လဲ ကြက်သွန်နီ ပါတဲ့အတွက် ပါးစပ်နံတတ်ပါတယ်  ပါးစပ်အနံ သက်သာအောင် ကြက်သွန်နီကို လှီးပြီးတာနဲ့ ဆားနဲ့နာနာ နယ်ဆေးပြီး သုပ်တာက ပါးစပ်အနံ သက်သာစေသလို ကြက်သွန်ညီးစော် နံခြင်းကိုလဲ သက်သာစေပါတယ် ကြက်သွန်ဆေးနည်းလေးကို  ပြင်ဆင်ပုံလေးမှာ ရေးပေးထားပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပြုပ်ပြီးသား ရယ်ဒီမိတ် ပဲဗူး - တစ်ဗူး
  2. ဆားအနု - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ဆားအကြမ်း - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. နံနံပင် - မိမိနှစ်သက်သလောက်
  5. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  6. ကြက်သွန်နီ - အနေတော် တစ်လုံး
  7. အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ပဲဆီ - ထမင်းစားဇွန်း ၃ဇွန်း

ပြင်ဆင်ပုံ
  1. Ready made ပဲဗူးကိုဖောက်ပြီး အရည်များသွန်ပေးကာ ရေတထပ်လောက် ဆေးပေးထားပါ
  2. ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက်ရေဆေးပြီး ခပ်ပါးပါး လှီးပေးထားပါ
  3. လှီးထားသော ကြက်သွန်နီကို ဆားအကြမ်း လက်ဖက်ရည်ဇွန်း တဇွန်းထည့်ပြီး ခပ်နာနာလေး နယ်ပေးပါ
  4. ကြက်သွန်များ နွမ်းလာတာနဲ့ ရေနှစ်ထပ်လောက် ဆေးပေးထားပါ
  5. ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  6. နံနံပင်ကို အပင်လိုက် ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပေးပါ
  7. ပဲ နံနံပင် ဆီ ငရုတ်သီးစိမ်း ဆားအနုနှင့် အရသာမှုန့်ကိုတို့ကို ပြင်ထားပါ
  8. ဇလုံတလုံးထဲမှာ ပါဝင်ပစ္စည်းများထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
  9. နယ်ပြီးပါက အရသာမြည်းပြီး လိုသလိုပြင်ကာ သတ်သတ်လွတ် ပဲထောပါတ်သုပ်လေးကို မိမိနှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment