ဒီနေ့တော့ ဈေးသွားဈယ်ရင်းက ဈေးမှာကြက်အမြစ်လေးတွေ တွေ့တာနဲ့ ဝယ်လာဖြစ်ပါတယ် ကြက်အမြစ်လေးတွေကို အမြဲတမ်းတော့ မစားဖြစ်ပေမဲ့ တစ်ခါတစ်လေ စားချင်စိတ်လေး ဖြစ်တတ်ပါတယ် ဒါကြောင့်မို့လို့ ဒီနေ့တော့ မာမာပြင်ဆင်ပြီး ကြက်အမြစ် ဆေးနည်းနဲ့ သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
ကြက်အမြစ်ဆေးနည်း
- ကြက်အမြစ် အထဲမှ အစာအိတ် မပေါက်အောင် ဓါးထက်ထက်နှင့် ခွဲပေးပါ
- ပြီးတာနဲ့ အစာအိတ်ကို ဖယ်ပေးလိုက်ပါ
- အစာအိတ် ဖယ်ပြီးတာနဲ့ ဇလုံတစ်လုံးထဲမှာ ဆား ထမင်းစားဇွန်း တစ်ဇွန်း နနွင်းမှုန့်လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ကြက်အမြစ်များ ထည်ပေ့းကာ ခပ်နာနာ နယ်ပေးပါ
- ပထမ တစ်ကြိမ် နယ်ပြီးတာနဲ့ ရေနှစ်ထပ်လောက် ဆေးပေးပါ
- ရေဆေးပြီးသော ကြက်အမြစ်များရဲ့ အတွင်းဖက်အပိုင်းကို ဓါးဖြင့်စိတ်ရှည်ရှည် လိုက်ခြစ်ပေးပါ
- အယိအရွဲများ ထွက်လာအောင် ခြစ်ပေးပြီး ရေနှင့်တစ်ထပ် ဆေးချလိုက်ပါ
- နောက်တစ်ကြိမ် ဆား ထမင်းစားဇွန်း တစ်ဇွန်းနှင့် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ ထပ်ထည့်ပြီး ခပ်နာနာ နယ်ပေးပါ
- ပြီးတာနဲ့ ရေ ၅ထပ်လောက်နှင့် စင်အောင် ဆေးပေးပါ
- အားလုံး စင်အောင် ဆေးပြီးတော့မှ အမြစ်များကို လေးစိတ်စိတ်ကာ တစ်စိတ်ကို သုံးချက်လောက် လိုက်မွှန်းပေးပါ
- အနံ့ အသက် အယိအရွဲများ စင်ပါက မိမိနှစ်သက်သလို ချက်စား ပြုပ်စားရန် ပြင်ဆင်နိုင်ပါပြီ။
အသုပ်သုပ်ရန် ပါဝင်ပစ္စည်းများ
- ရေစင်အောင် ဆေးထားသော ကြက်အမြစ် - 250 g
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ချင်း - လက်တစ်ဆစ်ခန့်
- ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ကြက်သွန်နီ - အနေတော် တစ်လံးေ
- ဂေါ်ဖီ - တစ်စိတ်
- နံနံပင် - နှစ်သက်သလောက်
- သံပုရာသီး - တစ်ခြမ်း
- ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
- ဆီချက်ချက်ရန် - ထမင်းစားဇွန်း ဇွန်းနှစ်ဆယ်ခန့်
- ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး (ဆီချက်ချက်ရန်)
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ ( ဆီချက်ချက်ရန် )
- ငရုတ်သီးအကျက်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
ကြက်အမြစ်ပြုပ်ရန်
- ကြက်အမြစ်များကို ခနောကြက်သားမှုန့်နှင့်နယ်၍ ချင်းကို ခပ်ပါးပါး လှီးပြီးထည့်ကာ အရသာဝင်အောင်နယ်၍ ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
- ရေခမ်းပါက အအေးခံထားပါ
ကြက်သွန်နီ ဆီချက်ချက်ရန်
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ကိုထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ မီးကို အနေတော် လျှော့ပလိုက်ပြီးမှ ကြက်သွန်နီကို ထည့်မွှေပါ
- ကြက်သွန်နီများ အ၀ါရောင် သန်းလာပြီး ကြွတ်လာတာနဲ့ ပန်းကန်တစ်ခုထဲ ပြောင်းထည့်ထားပါ
- ဆီချက်ကို အအေးခံ ထားပြီးမှ ကြက်သွန်နီကြော်နှင့် အအေးခံထားသော ကြက်သွန်ကြော်များကို ရောပေးပါ
ပြင်ဆင်ပုံ
- ကြက်သွန်နီကို ပါးပါးလှီးပြီး ရေဆေးထားပါ
- ဂေါ်ဖီကို ပါးပါးလှီးပြီး ရေဆေးထားပါ
- နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ
- သံပုရာသီးကို ရေဆေးကာ အစိတ်လေးတွေ လှီးထားပါ
- လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
- ပြုပ်ထားသော ကြက်အမြစ်များကို အအေးခံထားပါ
- ဇလုံတစ်လုံးထဲမှာ ကြက်အမြစ်များ ကြက်သွန် ဂေါ်ဖီ နံနံပင် ဆီချက် အချိုမှုန့် ငံပြာရည် ငရုတ်သီး အကျက်မှုန့် ပဲအကျက်မှုန့်တို့ကိုထည့်ကာ သံပုရာရည်ညှစ်ပြီး ကြက်အမြစ် ချဉ်ငံစပ်အသုပ်ကို ခပ်ဖွဖွနယ်ကာ အသုပ်ပွဲကို ပြင်ဆင်နိုင်ပါပြီ။
No comments:
Post a Comment