ဒီနေ့တော့ ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ အသုပ်စုံလေး သုပ်စားဖြစ်ပါတယ် တစ်ခါတစ်လေ ဆိုတာထက် နေ့တိုင်းစားရရင်လဲ မမုန်းဘဲ အရမ်းကြိုက်တဲ့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အသုပ်စုံ သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
- ခရမ်းချဉ်သီး - အနေတော် ငါးလုံး
- ပဲပင်ပေါက် - နှစ်ဆယ်သား
- ကြက်သွန်နီ - ဥကြီးကြီး တစ်လုံး (ဆီချက် ချက်ရန် )
- ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ (ဆီချက်ချက်ရန်)
- ကြက်သွန်ဖြူ - စားနိုင်သလောက် ( အသုပ်နှင့်စားရန် )
- ဆီ - သုံးဆယ်သား (ဆီချက်နှစ်မျိုးချက်ရန်)
- ငါးငံပြာရည် - လိုသလောက်
- ဆား - လိုသလောက်
- အချိုမှုန့်  - လိုသလောက်
- ကြက်သွန်နီ ဆီချက် - လိုသလောက်
- မကျည်းသီးမှည့် - အနည်းငယ် (ရေနွေးလက်ဖက်ရည်ပန်းကန် နှစ်လုံးစာလောက်ဖြင့် စိမ်ထားပါ )
- ပဲအကျက်မှုန့် - လိုသလောက်
- ပုဇွန်ခြောက်မှုန့် - လိုသလောက်
- ငရုတ်သီး အလှော်မှုန့် - လိုသလောက်
- နနွင်းမှုန့် - လိုသလောက်
- အချိုမှုန့် - လိုသလောက်
- ခေါက်ဆွဲဖတ် - ငါးဆယ်သား
- ဂေါ်ဖီ - အနေတော် တစ်ခြမ်း
- ကြက်သွန်နီ - ခပ်ကြီးကြီး နှစ်လုံး (အသုပ်ထဲထည့်ရန်)
- အာလူး - ခပ်ကြီးကြီး နှစ်လုံး
- ငရုတ်သီးစိမ်း - စားနိုင်သလောက်
- အာလူး - အလုံးကြီးကြီး နှစ်လုံး
ထမင်းချဉ်လုံး လုပ်ရန်ပြင်ဆင်ပုံ
- ဆန်ကို ကျက်အောင် ချက်ထားပါ
- ခရမ်းချဉ်သီးကို ဒယ်အိုးထဲထည့်ပြီး ရေမြုပ်အောင်ထည့်ကာ အခွံများ ကွာထွက်လာအောင် ပြုပ်ပေးပါ
- ခရမ်းချဉ်သီးများ အေးလာပါက ကွာထွက်နေသော အခွံများကို ခွာပြီးဖယ်ကာ အထဲမှ အစေ့များကို ဖယ်လိုက်ပါ
- ပြုပ်ပြီးအခွံခွာထားသော ခရမ်းချဉ်သီးများကို အိုးထဲမှာ ကြက်သွန်ဖြူ ဆီချက် ထမင်းစားဇွန်း တစ်ဇွန်း နှင့် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ ကိုထည့်ပြီး ခရမ်းချဉ်သီးများကျေပြီး ရေခမ်းသည်အထိ ချက်ပေးပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်ခုထဲမှာ အအေးခံထားသော ထမင်း ခရမ်းချဉ်သီးအနှစ် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ ဖြင့် နယ်ပေးပါ
- နယ်ထားသော ထမင်းများကို အရသာမြည်းပြီး လိုသလို ပြင်ပေးကာ လက်တစ်ဆုတ်စာ အလုံးလေးတွေ လုံးထားပေးပါ
ကြက်သွန်နီ ဆီချက်ချက်ရန်
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးပါ ဆီပူလာတာနဲ့ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံထည့်ပြီး ကြက်သွန်နီကိုထည့်ကြော်ပါ
- ကြက်သွန်နီများ ကြွတ်လာတာနဲ့ ဆယ်ပြီးအအေးခံထားပါ
- ဆီကိုလဲ အအေးခံထားပါ
- နှစ်မျိုးလုံး အေးတော့မှ ပြန်ပြီးရောထားပါ
ဟင်းခါးချက်ရန်
- ဂေါ်ဖီ အကြမ်းဖတ် - အနည်းငယ် (ဟင်းခါးချက်ရန် ခပ်ထူထူ လှီးထားပါ)
- ပုဇွန်ခြောက်မှုန့် - အနည်းငယ်
- ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ (မညက်တညက် ထောင်းထားပါ)
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ရေ တရုတ်ဟင်းရည်သောက် ပန်းကန်အလတ် နှစ်လုံးစာကို ဆား အချိုမှုန့် ပုဇွန်ခြောက်မှုန့်တို့ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
- ရေဆူတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ဂေါ်ဖီ ငရုတ်ကောင်းနှင့် ကြက်သွန်ဖြူ တို့ထည့်ကာ ရေဆူအောင် ထပ်တည်ပေးပြီးရင် ဂေါ်ဖီဟင်းခါး ပူပူလေး ရပါပြီ။
အာလူးပြုပ်ရန်
- အာလူးကို ရေဆေးပြီး ဖောက်နက်သော အိုးထဲမှာ ထည့်ပေးပါ
- အာလူးကို ရေမြုပ်အောင်ထည့်ပြီး အာလူးနူးတဲ့အထိ ပြုပ်ပေးပါ
- အာလူးနူးတာနဲ့ အခွံခွာပြီး မထူမပါးလေးတွေ လှီးထားပါ
အသုပ်သုပ်ရန် ပြင်ဆင်ပုံ
- ဂေါ်ဖီကို ခပ်ပါးပါး လှီးထားပြီး ရေဆေးကာ ရေစစ်ထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးထားပါ
- ပဲပင်ပေါက်ကို ရေဆေးပြီး ရေနွေးဖျောကာ ရေစစ်ထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
- ကျန်နေသော ပါဝင်ပစ္စည်းများကို ပြင်ထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ဇလုံတစ်လုံးထဲမှာ မိမိနှစ်သက်ရာ ထမင်းချဉ်လုံးနှင့် ခေါက်ဆွဲ ပဲပင်ပေါက် အာလူး ဂေါ်ဖီတို့ကို တစ်ပွဲစာထည့်ကာ ကြက်သွန်နီဆီချက် ငရုတ်သီးဆီချက် ငံပြာရည် အချိုမှုန့် မကျည်းမှည့်ရည် ပုဇွန်ခြောက်မှုန့် ပဲအကျက်မှုန့်တို့ကို သင့်သလိုထည့်ကာ ခပ်ဖွဖွနယ်ပေးပါ
- အသုပ်သုပ်ရာမှာ တစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူနိုင်တဲ့အတွက် မိမိနှစ်သက်သလို နှစ်သက်ရာ အစာများထည့်ပြီး သုပ်စားနိုင်ပါတယ်
- ထမင်းနယ်သုပ် အသုပ်စုံ ရပြီဆိုတာနဲ့ ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂေါ်ဖီဟင်းခါးတို့ ဖြင့် အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ
စားချင်လိုက်တာမမာရေ။
ReplyDeleteအိုင်အိုရာ