Tuesday 30 January 2018

ဗနီကာစိမ် မုံလာဥပိုးတီသုပ်










အခုရက်ထဲ မုံလာဥ ပိုးတီလေးတွေ စားရတာ ဓါတ်ကျနေပါတယ် အချဉ်ကို တစ်န့တစ်မျိုး မရိုးရအောင် အသီးအရွက် အသားငါးလေးတွေကို အမျိုးမျိုး အချဉ်စိမ်ပြီး ချဉ်ငံစပ်လေး သုပ်စားဖြစ်နေတာကြောင့် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အသုပ်သုပ် နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. မုံလာဥ - ဥကြီးကြီး နှစ်ဥ
  2. ဗနီကာ - လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံးစာ (ပိုးတီစိမ်ရန်)
  3. ဆား - ထမင်းစားဇွန်း တစ်ဇွန်း (ပိုးတီစိမ်ရန်)
  4. သကြား - ထမင်းစားဇွန်း တစ်ဇွန်းခွဲ (ပိုးတီစိမ်ရန်)
  5. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူးခွဲ (ပိုးတီစိမ်ရန်)
  6. ကြက်သွန်နီ - အနေတော် တစ်လုံး
  7. နံနံပင် - အနေတော် လေးပင်ခန့်
  8. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. ပဲအကျက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း
  10. ပုဇွန်ခြောက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း
  11. နှမ်းလှော် - ထမင်းစားဇွန်း တစ်ဇွန်း
  12. ငရုတ်သီး အလှော်မှုန့် - စားနိုင်သလောက်
  13. ကြက်သွန်နီ ဆီချက် - ထမင်းစားဇွန်း တစ်ဇွန်းသာသာ
  14. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဝက်သာသာ

ပိုးတီချဉ်ရအောင် ပြင်ဆင်ပုံ
  • မုံလာဥကို အခွံခွာပြီး ပိုးတီပုံစံရအာင်​ ​​လှီး​ပေးပါ
  • ပိုးတီပုံစံ လှီးရတာ အဆင်မပြေပါက ခပ်ပါးပါးလေးတွေ လှီးပေးပါ
  • သာကြား ဆား ရေနှင့် ဗီနီကာတို့ကို အရည်ဖျော်ပြီး သကြားနှင့် ဆားပျော်အောင် မွှေပေးပါ
  • ပြီးတာနဲ့ အရသာ အရည်ကျိုမည့်အိုးကို ရေပွက်ပွက်ဆူအောင် တည်ပေးကာ အေးသွားအောင် အအေးခံ ပေးထားပါ
  • လှီးထားသော မုံလာဥများကို ဖန်ပုလင်း သန့်သန့်ထဲထည့်ပြီး ကျိုထားသော အရသာ အရည်ကို လောင်းထည့်ပေးပါ
  • ပြီးတာနဲ့ မုံလာဥများကို ရေမြုပ်အောင် အရသာ စပ်ထားသော အရည်မြုပ်အောင် ထည့်ပေးပြီး အဖုံးလုံအောင် အုပ်ထားပေးပါ
  • တစ်ရက်လောက် အချဉ်တည့်ပေးပြီးရင် မုံလာဥ ပိုးတီချဉ် ရပါပြီ။
အသုပ်သုပ်ရန် ပြင်ဆင်ပုံ

  • မုံလာဥ ပိုးတီကို မိမိ စားနိုင်သလောက် ယူပါ
  • နံနံပင်​ကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • အထက်တွင် ရေးထားသော အသုပ်သုပ်ရန် ပါဝင်ပစ္စည်းများ အားလုံးကို ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်း အားလုံးကို ဇလုံထဲထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ အရသာမြည်းပြီး လိုအပ်သလို ပြင်ပေးကာ စားသုံးရန် ပန်းကန်တစ်ခုထဲ ပြောင်းထည့်၍ ပြင်ပေးကာ မုံလာဥပိုးတီသုပ် ကြွတ်ကြွတ် မွှေးမွှေးလေးကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment