ခံထွက် ဗုံလုံသီးလေးတွေ သီးလာပြီဆိုတော့ အရည်သောက်ဆမ်းလေးတွေချက်လိုက် ကြော်ချက်လေးတွေချက်လိုက်နဲ့ မရိုးအောင်တော့ ချက်နေမိတော့တာပါဘဲ။
ဒီနေ့တော့ ဗုံလုံသီးကို ကြက်သားနဲ့ အစာသွတ်လေး ချက်ပါမယ် မဆိုသလောက်လေး လက်ဝင်ပေမဲ့ တခြားမြို့မှာ နောက်တဘွဲ့အတွက် ကျောင်းထပ်တက်မဲ့ သမီးလေးကို ချက်နည်းလေး သင်ချင်တာနဲ့ တဆင့်ခြင်း ပြပေးရင် မာမာ့ရဲ့ မိတ်ဆွေတွေအတွက်ပါ ပုံလေးတွေ အမှတ်တရ တင်ပေးရင်း ချက်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ဗုံလုံသီး - ခပ်ဝဝ ခပ်ရှည်ရှည် နှစ်တောင့်
- ကြက်ကြိတ်သား - 250 g
- ကြက်သွန်နီ - ဥကြီးကြီး တစ်လုံး
- ကြက်သွန်နီ - အနေတော် တဥ (ဆီသတ်ရန် အနည်းငယ် ချန်ထားပါ)
- ချင်း - လက်တစ်ဆစ်သာသာ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၄မွှာ (ဆီသတ်ရန် တစ်ဝက်ချန်ထားပါ )
- ကြက်ဥ - တစ်လုံး
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (တ၀က်ကို အစာထဲ ထည့်ပေးပါ)
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (တ၀က်ကို အစာထဲ ထည့်ပေးပါ)
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ဆီသတ်ရန် တ၀က်ချန်ထားပါ )
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
- ဆီ - ထမင်းစားဇွန်း ၈ဇွန်းသာသာ
- ပဲဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
ပြင်ဆင်ပုံ
- ဗုံလုံသီးကို အတောင့်လိုက်ကိုင်ကာ အပေါ်ယံ အမှေးအဖြူရောင်များကုန်သွားအောင် ဓါးနှင့် ခြစ်ပေးပါ
- ၂တောင့်လုံး အမှေးပါးများ ခြစ်ပြီးတာနဲ့ အတောင့်လိုက် ရေဆေးပြီး ပုံပါအတိုင်း မိမိနှစ်သက်သလောက် အရှည်အနေအထားရအောင် လှီးပေးပါ
- လှီးထားသော ဗုံလုံသီးအထဲမှ အစေ့များကို တဖက်ပိတ်ချန်ပြီး တဖက်မှ အရိုးရှည်သော ဇွန်းဖင်နှင့် ကလော်ထုတ်ပေးပါ
- ကလော်ထုတ်ထားသော ဗုံလုံစေ့များနှင့် အမျှင်များကို အစေ့အရမ်း မရင့်ပါက ဓါးနှင့်နုတ်နုတ် စဉ်းပေးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုပ်နုပ် လှီးထားပါ
- ကြက်ကြိတ်သားကို ဇလုံထဲထည့်ကာ ပဲဆီ ကြက်ဥ ငရုတ်သီး အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း တဝက် ဆား နနွင်းမှုန့် နုတ်နုတ်စဉ်းထားသော ဘုံလုံစေ့များနှင့် အချိုမှုန့်တို့ထည့်ကာ နယ်ထားပါ
- ကြက်သွန်နီ အနေတော်ဥကို အခွံခွာပြီး ရေဆေးကာ ခပ်နုပ်နုပ် လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
- ချင်းကိုအခွံခွာပြီး ရေဆေးထားကာ လှီးထားသော ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ထည့်ကာ ညက်နေအောင် ထောင်းပေးပါ
- အားလုံး အဆင်သင့် ဖြစ်တာနဲ့ ဗုံလုံသီးများကို အစာသွပ်ဖို့ ပြင်ပေးပါ
- အရသာနယ်သော အစာကို ဇွန်းလေးတခုနှင့်ခပ်ပြီး ဘုံလုံသီးထဲကို တခုခြင်း အစာသွပ်ပေးပါ
- အစာသွပ်ပြီးလို့ ပိုနေတဲ့ အစာတွေကို ဆီသတ်ရန် ချန်ထားပေးပါ
- ဗုံလုံသီးများ အစာသွပ်ပြီးပြီဆိုတာနဲ့ ဇောက်နက်သော ဒယ်အိုးကို အပူပေးကာ ဆီနှင့်နနွင်းမှုန့်တို့ကိုထည့်ပါ
- ဆီပူလာတာနဲ့ငရုတ်သီးထောင်းကို မွှေးလာအောင် ဆီသတ်ပေးပါ
- ဆီသတ်နံ့ မွှေးလာတာနဲ့ ပိုနေသော အစာအသားများကိုထည့်ပြီး ဆီသတ်ပါ
- ဆီသတ်ထားသော ကြက်သားများ မာလာပါက အစာသွပ်ထားသော ဗုံလုံသီး အစာသွပ်များကို ထည့်ပေးပါ
- ဗုံလုံသီးများ အိုးမကပ်စေရန် အိုးကိုအသာ လှုပ်လှုပ်ပေးပါ
- ပြီးတာနဲ့ အိုးအဖုံး အုပ်ပေးပြီး အသားများ မကပ်စေရန် အိုးကို မကြာမကြာ လှုပ်ပေးပါ
- ပြီးတာနဲ့ ဗုံလုံသီးများ မမြုပ်တမြုပ် ရေထည့်ပေးကာ အဖုံးအုပ်ပြီး တည်ပေးပါ
- ရေပွက်ပွက်ဆူလာပါက ဆားနှင့် အချိုမှုန့်ထည့်ပြီး မွှေပေးကာ အရသာ မြည်းပေးပါ
- အရသာ အနေတော် ဖြစ်ပြီဆို အထက်အောက် အသာလှန်ပေးပြီး ရေကိုမိမိနှစ်သက်သလောက်ထားပြီး မီးပိတ်ပေးပါ
- ဗုံလုံသီး အစာသွပ်မွှေးမွှေးလေးကို စားပွဲပြင်ပေးကာ သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment