ရွှေဖရုံသီးကို ပဲသီးနဲ့ရောပြီး ကြာ်လေတိုင်း အရမ်းကြိုက်တဲ့ အသီးအရွက်ကြော်လေး တမျိုးထဲမှာ ပါဝင်တာမို့ ထမင်းနဲ့စားတဲ့ဆီ မရောက်ဘဲ ဒီအတိုင်း ထိုင်စားတတ်တဲ့ အကျင့်လေးက ငယ်ငယ်ထဲကနေ အခုထိ ပါနေတုန်းပါဘဲ။
ဒီနိုင်ငံက ရွှေဖရုံသီးတွေက မြန်မာပြည်က အသီးတွေလို မစေးတဲ့အတွက် ကြော်ရတာ နည်းနည်းခက်ပါတယ် စားရတာတော့ ကောင်းပါတယ် ဒါကြောင့်မို့လို့ သတ်သတ်လွတ်လေးများ စားချင်ရင်တော့ မာမာကြော်ထားတဲ့နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- အနေတော် လှီးထားသော ပဲတောင့်ရှည် - ၁၀တောင့်
- အနေတော် လှီးထားသော ရွှေဖရုံသီး - တစ်စိတ်
- ခပ်ပါးပါး လှီးထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
- ဆီ - ထမင်းစားဇွန်း ငါးဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆား -လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
ပြင်ဆင်ပုံ
- ဒယ်အိုးတလုံးထဲမှာ ဆီကိုအပူပေးပြီး နနွင်းမှုန့်ထည့်ပါ
- ဆီပူလာတာနဲ့ ကြက်သွန်နီကို ထည့်ကြော်ပါ
- ကြက်သွန်နွမ်းတာနဲ့ ရွှေဖရုံသီးကို ထည့်ကြော်ပါ
- ရွှေဖရုံသီး ကြော်နေစဉ် ရေမထည့်ဘဲ ကြော်ပေးပါ
- ရေထည့်လိုက်တာနဲ့ ရွှေဖရုံသီးများ ကျေကုန်တဲ့အတွက် မကျေစေရန် မီးကိုအနေတော်လျှော့ပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
- အိုးမကပ်စေရန် အိုးကိုမကြာမကြာ လှုပ်ပေးပြီး အဖုံးကို ဖွင့်ကြည့်ပါ
- ရွှေဖရုံသီးများ နွမ်းစပြုတာနဲ့ ပဲသီး ဆားနှင့် ဟင်းချိုမှုန့်တို့ကို ထည့်ကြော်ပါ
- အသီးများ နွမ်းလာတာနဲ့ အရသာမြည်းကာ လိုသလိုပြင်ပြီး ရွှေဖရုံသီးပဲသီးကြော် ချိုစိမ့်စိမ့်လေးကို စားသုံးနိုင်ပါပြီ။
No comments:
Post a Comment