ဒီတစ်ခါတော့ အမဲသားအာလူး ချက်နည်းလေး မျှဝေလိုက်ပါတယ် အမဲသား အာလူးဟင်းက ဆီလည်ရေလည်လေး ချက်ရင်တော့ အင်မတန်မှ စားလို့ကောင်းပါတယ် ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်ပြီး ထမင်းမြိန်စေတဲ့ ဟင်းတစ်မယ်မို့ လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- အမဲသား အသားကောင်းကောင်း - 400 g
- အာလူး - အနေတော် သုံးလုံး
- ကြက်သွန်နီ - အနေတော် တစ်ဥ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ချင်း - လက်တစ်ဆစ်ခန့်
- စပါးလင်အနု - နှစ်လက်မခန့်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း ( တစ်ဝက်ကို အရသာနယ်ပါ )
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (တစ်ဝက်ကို အမဲသား အရသာနယ်ပါ)
- ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း မောက်မောက်
- ပျဉ်းတော်သိမ်းရွက် - နှစ်ခက်ခန့်
- ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
ပြင်ဆင်ပုံ
- အမဲသားတုံးကို အတုံးလိုက် ရေဆေးပြီးမှ အနေတော်လေးတွေ တုံးထားပါ
- တုံးထားသော အသားများကို နနွင်းမှုန့် ဆား အချိုမှုန့်တို့နှင့် နယ်ပြီးနှပ်ထားပါ
- ချင်း စပါးလင် ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်နှင့် ရောပြီး ညက်နေအောင် ထောင်းထားပါ
- အာလူးကို အခွံခွာပြီး အနေတော် တုံးပေးပြီး ရေစင်အောင်ဆေး၍ ရေစိမ်ထားပါ
- ပျဉ်းတော်သိမ်းရွက်ကို ရေဆေးထားပါ
- အိုးတစ်လုံးထဲမှာ ဆီထည့်ပြီး အပူပေးပါ ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို ထည့်မွှေပြီး ဆီသတ်ပေးပါ
- ငရုတ်သီးနံ့ သင်းလာတာနဲ့ အမဲသား အရသာနယ်ကိုထည့်ကာ အသားများ မာလာအောင် ဆီသတ်ပြီး ချက်ပေးပါ
- ဆီသတ်နေစဉ် ရေမထည့်ဘဲ အသားမှ ထွက်လာသော ရေခမ်းလာအောင် အဖုံးအုပ်ပြီး တည်ပေးပါ
- လုံးရေခမ်းကာနီး ဟင်းလုံးမိပြီဆိုမှ အိုးအဖုံးဖွင့်ပြီး အထက်အောက် မွှေပေးကာ ရေမြုပ်အောင်ထည့်ပြီး အသားနူးတဲ့အထိ တည်ပေးပါ
- ပထမ တစ်ရည်လောက်နဲ့ မနူးသေးရင် ရေထပ်ထည့်ပြီး နူးတဲ့အထိ တည်ပေးပါ
- အသားအရမ်း မနူးသေးခင် နောက်ဆုံးတစ်ကြိမ် ရေထပ်ထည့်ချိန်မှာ အာလူးကို တစ်ခါထဲ ထည့်ပေးပါ
- အာလူးနှင့်အသား နူးပြီဆိုပါက အရသာမြည်း၍ လိုသလိုပြင်ကာ ဆီလည်ရေလည် အရည်သောက်ဆမ်းလေး ရလာတာနဲ့ ပျဉ်းတော်သိမ်းရွက် အုပ်ပေးပြီးန် မီးပိတ်ပေးပါ
- အမဲသားအာလူး ဆီလည်ရေလည်ဟင်း မွှေးမွှေးလေးကို ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment