Friday 26 January 2018

Basa ငါးပေါင်း အုန်းနို့ဆီပြန်









ဒီနေ့တော့ ဘာဆာငါးတွေ ဝယ်လာပြီး ဘာဆာငါးတွေကို ဘလင်ဒါထဲ ထည့်ကြိတ်ကာ ရေဆူဆူမှာ မိနစ်၂၀လောက် ပေါင်းကာ အအေးခံပြီး အုန်းနို့နဲ့ ချက်ဖြစ်တဲ့အတွက် ငါးဖယ်အစစ် ရှုံးအောင် ကောင်းလွန်းလို့ ချက်နည်းလေး မျှဝေပေးလိုက်ပါတယ်ရှင်။

ငါးပေါင်းကို ပြန်ချက်မယ်ဆိုရင်တော့ မိမိနှစ်သက်သလို အတုံးလေးတွေ တုံးပေးနိုင်ပါတယ် မာမာတုံးထားတဲ့အတုံးက အတုံးကြီးတဲ့အတွက် တတုံးကို ၂ယောက်စားလို့ရပါတယ်။

ပါဝင်ပစ္စည်းများ

  1. Basa ငါးပြား  - 500 g
  2. ချင်း - လက်တဆစ်လောက် (ဟင်းချက်ရန်)
  3. ကြက်သွန်နီ - အနေတော် ၂လုံး (ဟင်းချက်ရန်)
  4. ကြက်သွန်ဖြူ အမွှာကြီးကြီး ၃မွှာ ( ငါးဆုတ်ဆီသတ်ရန်)
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက် (ဟင်းချက်ရန်)
  6. ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  7. ငရုတ်သီး အရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  8. အုန်းနို့ အနှစ် - ထမင်းစားဇွန်း ၃ဇွန်း
  9. နံနံပင် - နှစ်သက်သလောက်
  10. အုန်းနို့ အနှစ် - ထမင်းစားဇွန်း ၃ဇွန်း
  11. ရေ - အနေတော်
  12. ဆီ - ထမင်းစားဇွန်း ၅ဇွန်းသာသာ


ငါးကြိတ်သား ကြိတ်ပေးရန် ပါဝင်ပစ္စည်းများ  
  • ဘာဆာငါး - 500 g
  • ဆား - လက်ဖက်ရည်ဇွန်းတဝက်
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်းတဝက်
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး  ၃မွှာ (ငါးကြိတ်ရန်)
  • corn flour - ထမင်းစားဇွန်း မောက်မောက် တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်းလေးပုံတပုံ (အားလုံကိုရောပြီး ဗလင်ဒါထဲမှာထည့်ကာ တမိနစ်ကြိတ်တခါနားပြီး အနည်းဆုံး ၁၀ခါလောက် ကြိတ်ပေးပါ)
ငါးပေါင်းရန်
  • ကြိတ်ပြီးသားငါးကို ပုံပါအတိုင်း ဇောက်နက်သော ပန်းကန်ထဲမှာထည့်ပြီး မျက်နှာပြင် ညီအောင်ညှိပေးပါ
  • ပြီးတာနဲ့ ဇောက်နက်သော အိုးထဲမှာ ငါးပေါင်းပန်းကန် တဝက်မရှိတရှိ မြုပ်နိုင်ရုံ ရေထည့်ပေးပါ
  • ရေထည့်ထားသော အိုးထဲမှာ ငါးကြိတ်သားထည့်ထားသော ပန်းကန်ကိုထည့်ပြီး  အိုးအဖုံးအုပ်ကာ မိနစ်၂၀လောက် ပေါင်းပေးပါ
  • ပေါင်းထားသော ငါးကြိတ်သားကို အအေးခံပြီး cling wrapနှင့်အုပ်ကာ ရေခဲသေတာ မခဲတဲ့အခန်းထဲမှာ တညလောက် ထည့်ထားပေးပါ
ပြင်ဆင်ပုံ
  • ငါးပေါင်းကို ပန်းကန်ထဲမှ ထုတ်ပေးကာ မိမိနှစ်သက်သလောက် အတုံးလေးတွေ လှီးပေးပါ
  • မာမာကတော့ အရွယ်တူ လေးတုံးဘဲ လှီးထားပါတယ်
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
  • ငရုတ်သီး အရောင်တင်မှုန့်ကို ပြင်ထားပါ
  • ဆား အချိုမှုန့် အုန်းနို့အနှစ်နှင့် ငံပြာရည်တို့ကို ပြင်ထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ လှီးထားသော ချင်း ကြက်သွန်များနှင့် ငရုတ်သီး အရောင်တင်မှုန့်ကို ထည့်ပြီး ဆီသတ်ပါ
  • ဆီသတ်နံ့ သင်းလာတာနဲ့ လှီးထားသော ငါးပေါင်းကို  အချိုမှုန့် ဆား ငါးငံပြာရည်တို့နှင့် အတူထည့်ကာ မွှေပေးပြီ တည်ပေးပါ
  • ငါးပေါင်းကို ဆီသတ်နေစဉ် အိုးမကပ်စေရန် ရေအနည်းငယ် ထည့်ထည့်ပေးပြီး အိုးကို လှုပ်လှုပ်ပေးပါ
  • ဆီသတ်နံ့ သင်းလာတာနဲ့ အုန်းနို့ နှင့် ရေအနည်းငယ်ကိုထည့်ကာ မိနစ်ဝက်လောက် ပွက်ပွက်ဆူအောင် ထားလိုက်ပါ
  • ငါးပေါင်းက ကျက်ပြီးသား ဖြစ်တဲ့အတွက် ရေကိုအများကြီး တခါထဲ မထည့်ဘဲ လိုချင်သလောက် ချင့်ချိန်ပြီး ထည့်ပေးပါ
  • ဟင်းအနှစ်များ ပွက်ပွက်ဆူလာတာနဲ့ အရသာကို မြည်းပေးကာ လိုသလို ပြင်ပေးပါ
  • ဟင်းအိုးဆီပြန်လာပြီး အုန်းနို့နံ့ သင်းလာတာနဲ့ နံနံပင်ထည့်ပြီး အုပ်ပေးပါ
  • ပြီးတာနဲ့ အုန်းနို့ငါးပေါင်းဟင်း မွှေးမွှေးလေးကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ

No comments:

Post a Comment